COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၀၀ ကျော် တွေ့ရှိခဲ့သည့် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူး၊ မိဘမဲ့နှင့် မသန်စွမ်းသူများ စောင့်ရှောက်ရေးဂေဟာ အတွက် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။
.
" စားဖို့၊ သောက်ဖို့ လိုတာပေါ့နော်။ ဆေးတွေတော့ သူတို့ ပေးထားတာ နည်းနည်း ရှိပါတယ်။ အစားအသောက် အတွက် အလှူရှင်တွေက လှူပေးနေတာတော့ ရှိပါတယ်၊ လောလောဆယ် လည်ပတ်လို့တော့ ဖြစ်နေတာပေါ့။ အလုံအလောက် ရှိ မနေတာမျိုးပါ။ "ဟု စောင့်ရှောက်ရေးဂေဟာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ထို့အပြင် COVID-19 ပိုးတွေ့ လူနာများအတွက် အသီးအနှံများ အပါအဝင် ခွန်အား ဖြစ်စေမည့် အစားအသောက်များ လိုအပ်နေသည်ဟုလည်း ယင်း တာဝန်ရှိသူက ဆိုသည်။
အဆိုပါ စောင့်ရှောက်ရေးဂေဟာတွင် ကူညီ ဆောင်ရွက်သူများ အပါအဝင် လူဦးရေ ၁၈၀ ဦးခန့် ရှိ၍ ယင်းအနက် ၁၁၀ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ပိုး တွေ့သူ အများစု ကျန်းမာရေး ကောင်းမွန်နေလျက် ရှိသော်လည်း အချို့မှာ ကျန်းမာရေး စောင့်ရှောက်မှု ခံနေရဆဲ ဖြစ်သည်။
.
တောင်ကြီးမြို့ သူငယ်တော်ယေဇူး၊ မိဘမဲ့နှင့် မသန်စွမ်းသူများ စောင့်ရှောက်ရေး ဂေဟာအား စက်တင်ဘာလ ၄ ရက်မှ စတင်၍ အသွားအလာ ကန့်သတ်ထားပြီး လှူဒါန်းလိုသူ စေတနာရှင်များ အနေဖြင့် ဖုန်းနံပါတ် ၀၉၄၂၈၃၃၀၅၆၀ နှင့် ၀၉၇၆၁၆၁၈၁၂၃ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။