COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ရက်ရှည် ပိတ်ထားသည့် ဌာနဆိုင်ရာရုံးများအား လာမည့် စက်တင်ဘာလ ၁၃ ရက်မှ စတင်၍ အကန့်အသတ်ဖြင့် ပြန် ဖွင့်မည် ဖြစ်ကြောင်း သိရသည်။
.
ရောဂါ ကူးစက် ဖြစ်ပွားမှု လျော့နည်း ကျဆင်းလာခြင်းနှင့် ဝန်ထမ်း အများစုသည် COVID-19 ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ခြင်းကြောင့် ရုံးလုပ်ငန်းများ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကန့်အသတ်ဖြင့် ရုံးတက်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ Core Group အဖွဲ့တွင် ပါဝင်သော ဝန်ထမ်းများ အားလုံး၊ ညွှန်ကြားရေးမှူးနှင့် အထက်အဆင့် ဝန်ထမ်းများ အားလုံးသည် နေ့စဉ် ရုံးတက်ကြရမည် ဖြစ်ပြီး ဒုညွှန်မှူးနှင့် အောက် ဝန်ထမ်းများ အားလုံးသည် ၂ ပတ် ရုံးတက်၊ ၂ ပတ် အိမ်မှ နေ၍ အလှည့်ကျ ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရမည် ဟူ၍ အဆိုပါကော်မတီ၏ ထုတ်ပြန်စာတွင် ပါရှိသည်။
.
ထို့အတူ ၂ ပတ် အိမ်မှ နေရသည့် ကာလတွင် နေထိုင်ရာ အဝန်းအဝိုင်း (အိမ်၊ အဆောင်၊ ရိပ်သာ၊ အိမ်ရာ) တွင်သာ နေကာ ရုံးလုပ်ငန်း ဆောင်ရွက်ရမည် ဖြစ်ကာ ကျန်းမာရေးကိစ္စနှင့် ဈေးဝယ်ခြင်းမှ အပ ပြင်ပသို့ လုံးဝ (လုံးဝ) သွားလာခြင်း မပြုရဘဲ အကြောင်းအမျိုးမျိုးကြောင့် သွားရန် ရှိပါက ခွင့်ပြုချက်ဖြင့် သွားလာရန်ဟူ၍လည်း ပါရှိသည်။
.
အဆိုပါ ညွှန်ကြားချက်အား မလိုက်နာပါက ဖောက်ဖျက်သည့် ပြစ်မှုအပေါ် မူတည်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။
.
ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါအဝင် အခြေခံပညာကျောင်းများကိုမူ စက်တင်ဘာလ ၂၄ ရက်ထိ ဆက်လက်၍ ယာယီ ပိတ်ထားရန် ကြေညာချက် ထုတ်ပြန်ထားသည်။
.
#KBZTai #Shan #News #11Sep2021