လျှပ်စစ်ဓါတ်အား ပြတ်တောက်ခြင်းနှင့် စက် ပြုပြင် ထိန်းညှိခြင်း တို့ကြောင့် တနင်္ဂနွေနေ့ကို တောင်ကြီးမြို့ရှိ 081 အောက်ဆီဂျင်စက်ရုံ၏ ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ယင်းစက်ရုံက ထုတ်ပြန်ထားသည်။
ကပ်ရောဂါ ကာလ အောက်ဆီဂျင် လိုအပ်ချက်အတွက် ပိတ်ရက် မရှိ ဖြန့်ဖြူးပေးနိုင်ရန် စက်အင်အားနှင့် လုပ်သားများ မနားမနေ ကြိုးစား ထုတ်လုပ် ပေးခဲ့သော်လည်း လျှပ်စစ်ဓါတ်အား ပြတ်တောက်ခြင်းနှင့် စက် ပြုပြင်ထိန်းညှိခြင်းတို့ကြောင့် နေ့စဥ် လည်ပတ်ချိန် လျော့နည်းခဲ့ရသဖြင့် အချိန် နှောင့်နှေးခဲ့ရသည့်အတွက် လာရောက် ဖြည့်တင်းသည့် အိုးများ ပြည့်မှီစွာ ရရရှိနိုင်စေရန် တနင်္ဂနွေနေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ပြီး အပြည့်အဝ ရရှိနိုင်ရန် စီစဥ်ပေးမည်ဟု 081 အောက်ဆီဂျင်စက်ရုံ (လွိုင်ခမ်း)က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
081 အောက်ဆီဂျင်စက်ရုံကို အများပြည်သူတို့၏ ထည့်ဝင် လှူဒါန်းမှုဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ဩဂုတ်လ ၂၂ ရက်မှ စတင်လည်ပတ်ကာ ထွက်ရှိလာသည့် အောက်ဆီဂျင်များကို ဖြန့်ဖြူးရောင်းချပေးနေခြင်း ဖြစ်သည်။
ယင်းကဲ့သို့ အောက်ဆီဂျင် ဖြန့်ဖြူးရောင်းချရာတွင် ၂၀ လီတာနှင့်အောက် တစ်အိုးလျှင် ၄၀၀၀ ကျပ်၊ ၄၀ လီတာနှင့်အောက် ၂၀ လီတာနှင့် အထက် တစ်အိုးလျှင် ၈၀၀၀ ကျပ်ဖြင့် သတ်မှတ် ရောင်းချပေးနေလျက် ရှိပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကို 081အောက်ဆီဂျင်လှူဒါန်းခြင်း Facebook စာမျက်နှာတွင် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။