COVID-19 ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန်အတွက် Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့၌ ညပိုင်း အချိန်များတွင် ဖမ်းဆီး၊ ရှာဖွေမှုများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
" ညတိုင်း နီးပါးကို စစ်ကောင်စီဘက်က ဖမ်းတာ၊ ရှာတာတွေက ရှိနေတုန်းပဲ။ ကောင်းကောင်း မအိပ်ရဘူး။ ညအချိန် ရပ်ကွက်ထဲမှာဆိုတော့ ဆူညံနေတာ။ Stay Home က အလကားပဲ။ အဲဒါကြောင့် ကိုဗစ်က များနေတာ။ " ဟု တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့တွင် ဆန္ဒထုတ်ဖော်မှု ကဲ့သို့သော လုပ်ဆောင်ချက်များ မရှိသလောက် နည်းပါးသော်လည်း ဖမ်းဆီး၊ စစ်ဆေးမှုများမှာ အခြား တိုင်းနှင့် ပြည်နယ်ရှိ မြို့များကဲ့သို့ပင် ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။
.
" တောင်ကြီးက ငြိမ်တယ်။ ခု ၃/၄ လလောက်မှာ မရှိဘူးလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် ဖမ်းတာကတော့ မန္တလေးတို့၊ တခြားမြို့တို့တွေ လိုပါပဲ။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်၌ ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက် ရှိသည့် အနက် ရတနာသီရိရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက် တို့တွင် ဖမ်းဆီး ရှာဖွေမှု အများဆုံး ဖြစ်ပေါ်နေကြောင်း သိရသည်။
.
အဆိုပါ အခြေအနေများအား တာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ် မေးမြန်းရာတွင် " အသေးစိတ် မသိပါ၊ မသိပါ။ " ဟုသာ ဖြေဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်၌ ပြီးခဲ့သည့် မတ်လ အတွင်းမှ စတင်၍ ဖမ်းဆီးခံရမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးနောက် လက်ရှိတွင်လည်း ဖမ်းဆီး ခံရမှုမှာ ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် ရှိနေဆဲ ဖြစ်ကာ အစိုးရ အဖွဲ့ဝင်များ၊ နိုင်ငံရေးသမားများ အပါအဝင် ကျောင်းသားများ၊ လူငယ်များ၊ သတင်းမီဒီယာသမားများ၊ အရပ်ဘက် အဖွဲ့အစည်းဝင်များ ဖမ်းဆီး ခံထားရသည်။
.
#KBZTai #Shan #Taunggyi #News