တောင်ကြီးတွင် Stay at Home စည်းကမ်းချက်အား မလိုက်နာသူ ၉၁ ဦးကို အရေးယူထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် Stay at Home စည်းကမ်းချက်အား မလိုက်နာသူ ၉၁ ဦးကို အရေးယူထား

.

တောင်ကြီးမြို့နယ်တွင် Stay at Home ကာလအတွင်း သတ်မှတ်စည်းကမ်းကမ်းချက်များအား မလိုက်နာသူ ၉၁ ဦး တို့ကို သဘာဝဘေးအန္တရာဘ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထားကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

.

.

“ပြည်သူတွေ COVID-19 ရောဂါ ကူးစက်မှု လျော့ကျအောင် Stay at Home သတ်မှတ်ပေးတာပါ။ ပြည်သူတွေ ကလည်း ပူးပေါင်းပါဝင်စေချင်တာပါ။ အဓိက ကတော့ အပြင်ကို မဖြစ်မနေ သွားရမယ့်ကိစ္စလောက်ပဲ သွားစေချင် ပါတယ်။ အပြင်ထွက်ဖို့လည်း ကျွန်တော်တို့က တစ်အိမ်ကို ကတ်ပြားတစ်ခု ပေးထားပါတယ်။ အသွားအလာ လျော့ သွားမှ၊ Contact များများ မထိတွေ့တော့မှ ပိုးတွေ့နှုန်း လျော့သွားမှာဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဆွေမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်ကြီးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းကလည်း Stay at Home ကာလအတွင်း သတ်မှတ်စည်းကမ်း မလိုက်နာ သူ ၁၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ အရေးယူနိုင်ခဲ့ပြီး စုစုပေါင်း အရေးယူခဲ့သူ ၉၁ ဦး အထိ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

.

​ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက တောင်ကြီးမြို့နယ်အတွင်းသို့ အခြားမြို့နယ် များမှ ပြည်သူများ နယ်မြေကျော်ဖြတ်သန်းခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများဈေးဝယ်ထွက်ခြင်းနှင့် ဆေးရုံဆေးခန်း သွားရောက်ပြသခြင်းတို့အတွက် နေအိမ်ပြင်ပထွက်ခွာခွင့် ကတ်ပြားများ၊ ဝန်ထမ်းများက ဝန်ထမ်းကတ်ပြားများ ယူဆောင်၍ Stay at home ကာလသတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ သွားလာမှုရှိ/မရှိ စသည် တို့ကို ဈေးများ၊ လမ်းဆုံများနှင့် လူအသွားအလာများပြားသည့် နေရာများတွင် ရှောင်တခင် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.

​တောင်ကြီးမြို့နယ်တွင် COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်မားနေသည့်အတွက် Stay at home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ အကြောင်းမဲ့နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသူများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ အပြစ်ပေး သွားမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

.

Journal Download

Photo of three cats