ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ ဖမ်းဆီးခံထားရသည့် ဆီဆိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် ခွန်ဗွာထိုသွေးသည် ယနေ့ သြဂုတ်လ ၂၇ ရက်၊ ညနေက COVID-19 ဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
.
ခွန်ဗွာထိုသွေးသည် ဖေဖော်ဝါရီ ၁၇ ရက်၊ ညနေပိုင်းက ဖမ်းဆီး ထိန်းသိမ်းခံရသူ ဖြစ်ကာ COVID-19 ကူးစက်ခံရပြီးနောက် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်။
.
" ဒီနေ့ ညနေ ၄ နာရီလောက်က ကွယ်လွန်သွားတာပါ။ အကျဉ်းသား ၃ ဦး ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ကွယ်လွန်သူ အပါအဝင်ပေါ့" ဟု စဝ်စံထွန်းဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ အတည်ပြုသည်။
.
ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်တွင်လည်း ဖမ်းဆီး ထိန်းသိမ်း ခံထားရသော သိမ်ကုန်းကျေးရွာ မူလတန်းပြဆရာ ဦးစိုးလွင်လွင်၊ ၂၆ နှစ်သည် COVID-19 ဖြင့်ပင် ကွယ်လွန်ခဲ့ရသည်။
.
ညောင်ရွှေ အကျဉ်းထောင်အတွင်း ဆိုးရွားစွာ COVID-19 ကူးစက်ပျံ့နှံ့မှု ရှိ/မရှိကို အတည်မပြုနိုင်သော်လည်း အကျဉ်းသားများ၏ မိသားစုဝင်များမှာ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြသည်။
.
" အပြင်လူ မဝင်ရတဲ့ နေရာမှာ ကိုဗစ် ကူးစက်ခံရတာက ထူးဆန်းနေတယ်။ တောင်လေးလုံးမှာ သေတာ ၂ ယောက် ရှိသွားပြီ။ အထဲက လူတွေနဲ့လည်း တွေ့ခွင့်မရတော့ စိုးရိမ်တယ်။ ရုံး ပိတ်ထားလို့ ရုံးထုတ်လည်း မရှိတော့ ဘာမှကို သိမနေရဘူး။ " ဟု ဆီဆိုင်မြို့နေ ဖမ်းဆီးခံထားရသူ၏ မိသားစုဝင် တစ်ဦးက ပြောသည်။
.
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ အတည်ပြုနိုင်ရေး ရှမ်းပြည်နယ် အကျဉ်းဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းရာတွင် ဖုန်းလက်ခံ ဖြေဆိုမှု မရှိပေ။
.
#KBZTai #Shan #Taunggyi #COVID19