ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ IDP စခန်း ၃ ခုမှ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန် ၄ မျိုးကို နမ္မတူမြို့၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့ ဩဂုတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
နမ္မတူမြို့နယ် တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်နှင့် တာဝန်ရှိသူများက ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်းနဲ့ လီဆူ (IDP) စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
.
ထောက်ပံ့မှု အဖြစ် တစ်အိမ်ထောင်လျှင် ဆီ တစ်ပိဿာ၊ ကုလားပဲ တစ်ပိဿာ၊ ဆား ၅၀ ကျပ်သားနှုန်းစီဖြင့် စုစုပေါင်း အိမ်ထောင်စု ၁၂၂ စုအတွက် ဆီ ၁၂၂ ပိဿာ၊ ကုလားပဲ ၁၂၂ ပိဿာ၊ ဆား ၆၁ ပိဿာနှင့် လူဦးရေ ၅၅၅ ဦးတို့အတွက် တစ်ဦးလျှင် ဆန်နို့ဆီဗူး ၂၈ ဗူးနှုန်းဖြင့် စုစုပေါင်း ဆန်အိတ် ၈၁ အိတ်ကို တိုက်ပွဲရှောင်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံး တာဝန်ခံ ဒေါ်မြတ်သူနှင်းထံမှ သိရသည်။
.
ထို့အပြင် မန်တုံမြို့နယ်ရှိ မြို့မကတ်သလစ် (IDP)စခန်းနှင့် ကချင် (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၅၇ စု လူဦးရေ ၃၀၀ ဦးတို့အတွက် ဆီ ၅၇ ပိဿာ၊ ကုလားပဲ ၅၇ ပိဿာ၊ ဆား ၅၇ ပိဿာနှင့် ဆန် ၄၄ အိတ်ကို ဆက်လက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
.
◾စောဦး (ရတနာမြေ)
.
#KBZTai #Shan #Namatu