.
ရှမ်းပြည်နယ်အတွင်းရှိ
မြို့နယ်ဒေသအသီးသီးတွင် COVID-19 ကာကွယ်ဆေး (Sinopharm) များကို ဦးစားပေးအစီအစဉ်အလိုက်
ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးစုရပ် နေရာများတွင် လူစုလူဝေးများ ဖြစ်ပေါ်နေသဖြင့်
ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်၊ အေးသာယာဓမ္မာရုံ ကာကွယ်ဆေးထိုးစုရပ်တွင် ယနေ့ ဩဂုတ်လ ၃ ရက်က လူစုလူဝေး ဖြစ်ပေါ်နေပုံ (Photo – CJ)
.
“ဆေးထိုးတာ၊ မထိုးတာကို
မပြောလိုပါဘူး။ စီစဉ်တာ လိုအပ်ပါတယ်။ ဒီလိုလူအုပ်ကြီးထဲမှာ ပိုးရှိတဲ့သူ မပါဘူးလို့
မပြောနိုင်ဘူး။ ပါလာရင် အားလုံး ဒုက္ခရောက်ကုန်မှာပါ။ ရပ်ကွက်အလိုက် အချိန်တွေ၊ နေရာတွေခွဲပြီး
ထိုးပေးမှ အဆင်ပြေမှာပါ။ အခုဟာက အိမ်မှာနေရင်အကောင်း၊ ဆေးသွားထိုးမှ ပိုးကူးမှာ ပိုကြောက်နေရတယ်”
ဟု တောင်ကြီး မြို့နေ ဒေသခံတစ်ဦးက ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့နယ်၊
အေးသာယာမြို့အပြင် ကျိုင်းတုံမြို့၊ သီပေါမြို့တို့၌ COVID-19 ကာကွယ်ဆေး ထိုးနှံရန် လူဦးရေ
မြောက်များစွာ စုဝေးတန်းစီနေသည့် ဓါတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာမှုနှင့်
ပတ်သက်၍ ဒေသခံများက ယင်းကဲ့သို့ ဝေဖန်ပြောဆိုနေခြင်းဖြစ်သည်။
.
ထို့အတူ အခြား တောင်ကြီးဒေသခံတစ်ဦးကလည်း
“ဆေးထိုးဖို့ နေနေသာသာ အဲဒီနားတောင် မကပ်ရဲဘူး။ ပိုးဖြန့်နေ သလားလို့တောင် ထင်မိတယ်”
ဟု ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက်ရှိသူများ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်း ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့်
ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်ကုခြင်းလုပ်ငန်း
ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ၊ သာသနာ့ဝန်ထမ်းများ၊
နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/
တည်းခိုခန်း ဝန်ထ်းများ၊ အကျဉ်းသားများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ၊
စူပါမားကက်/ဈေးများမှ ဝန်ထမ်းများကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးနေခြင်းဖြစ်ပြီး
ရှမ်းပြည်နယ်တစ်ခုလုံးတွင် COVID-19 ကာကွယ်ဆေး ၁၈၀၀၀၀ ရရှိထားကြောင်း
သိရသည်။
.