.
Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် ၄ ရက်အတွင်း နေအိမ်များ၌ သေဆုံးသူ ၂၀
ဦး ရှိပြီး ၎င်းတို့ကို COVID-19 စစ်ဆေးခြင်းမပြုဘဲ ၉၆ ပါးဖြင့်
သေဆုံးစာရင်းတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်၊။
.
“ဘယ်လိုဖြစ်ဖြစ်
သေသွားသူတွေမှာ COVID-19 ပိုးရှိ မရှိ သိရအောင် စစ်ဆေးပေးတာမျိုး
လုပ်ပေးနိုင်ရင် ကောင်းမယ် လို့ အကြံပြုချင်ပါတယ်။ Positive ဆိုရင်လည်း ထိတွေ့မိသူတွေလည်း စစ်လို့ရမယ်။
နာရေးရော၊ လူနာတင်ယာဉ်ရော လူမှုရေးအသင်းအဖွဲ့တွေက ကူညီပေးနေတာဆိုတော့ သူတို့လည်း
သတိထားလို့ရမယ်” ဟု
ဒေသခံတစ်ဦးက ပြောသည်။
.
တာချီလိတ်မြို့နယ်တွင်
ဩဂုတ်လ ၁၀ ရက်မှ ၁၃ ရက်အထိ ၄ ရက်တာအတွင်း COVID-19 ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသူ ၆ ဦး သေဆုံးခဲ့သည်ကို
တွေ့ရပြီး နေအိမ်များ၌ ၉၆ ပါးရောဂါဖြင့် သေဆုံးသူစာရင်း ၂၀ ဦးအထိ ရှိလာခြင်းဖြစ်ကာ
ယင်းသေဆုံးသူများတွင် အသက် ၈ နှစ်အရွယ်မှ အသက် ၉၀ အထိ ပါဝင်ကြောင်း သိရသည်။
.
COVID-19 ပထမလှိုင်းနှင့်
ဒုတိယလှိုင်းကာလက တာချီလိတ်တွင် သံသယရှိသူများ သေဆုံးမှုကို COVID-19 ရှိ/မရှိ စစ်ဆေးပြီး ရောဂါပိုး တွေ့ရှိပါက ထိတွေ့ဆက်စပ်သူများအား အသွားအလာကန့်သတ်ခြင်း၊
COVID-19 စစ်ဆေးခြင်း များ ပြုလုပ်၍ ရောဂါကူးစက်ပျံ့ပွားမှုကို
ထိန်းချုပ်နိုင်ခဲ့သော်လည်း တတိယလှိုင်းတွင် ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ
နေအိမ်တွင် သေဆုံးသူများကို ၉၆ ပါးဖြင့် သေဆုံးစာရင်းတွင် ထည့်သွင်းလာခြင်းဖြစ်ကြောင်း
သိရသည်။
.
လက်ရှိတွင်
သံသယရှိသူများအနေဖြင့် ဆေးရုံဟောင်းတွင် ဖွင့်လှစ်ထားသည့် Fever Clinic ၌ တနင်္လာ၊ ဗုဒ္ဓဟူးနှင့်
သောကြာနေ့များတွင်လည်းကောင်း၊ အတည်ပြုလူနာနှင့်ထိတွေ့များအနေဖြင့် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့်
တနင်္ဂနွေနေ့များတွင်လည်းကောင်း နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအတွင်းနှင့် အရေးပေါ်လူနာများအနေဖြင့်
ဆေးရုံကြီးတွင် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စစ်ဆေးနိုင်ကြောင်း သိရသည်။
.
“ညဘက်တွေဆို
အသည်းအသန်ရောက်လာတာမျိုးတွေရှိတယ်။ အိမ်မှာကုနေရင်းမနိုင်တော့တဲ့ သဘောမျိုးလည်း
ဖြစ်နိုင်တယ်။ ရောက်တာနဲ့ စစ်ကြည့်လိုက်တော့ COVID-19 တွေ့တာတွေရှိတယ်။ "ဟု အမည်မဖော်လိုသl ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
.
အချို့မှာ
စစ်ဆေးခမ တတ်နိုင်ခြင်း၊ အချို့မှာ ပိုးတွေ့ပါက Quarantine Center သွားရမည်ကို ကြောက်လန့်ခြင်း တို့ကြောင့်
သံသယလက္ခဏာပြသည်ကို မစစ်ဆေးဘဲနေသူများရှိသည့်အပြင် အခြားရောဂါဟုယူဆပြီး နေအိမ်တွင်
ကုသရင်းသေဆုံးသူများကိုလည်း COVID-19 စစ်ဆေးခြင်းမရှိသည့်အတွက်
သက်ဆိုင်ရာဌာနများ၏ COVID-19 အတည်ပြုလူနာစာရင်းမှာ အမှန်တကယ် ဖြစ်ပွားနေသည့်
အရေအတွက်မဟုတ်ဘဲ လာရောက်အစစ်ဆေးခံသူများမှ တွေ့ရှိသည့်အရေအတွက်စာရင်းသာ ဖြစ်သည်ကို
တွေ့ရသည်။
.