.
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်
ယမန်နေ့ ဩဂုတ်လ ၂၀ ရက်၊ ညပိုင်းက ၆ ဘီး ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်
သိန်း ၂၉၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည်
ဩဂုတ်လ၂၀ ရက်နေ့ ည ၁၁ နာရီအချိန် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊
အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျောက်မဲမှ မန္တလေးသို့ ဝေမင်းဟန် မောင်းနှင်ပြီး
ငြိမ်းချမ်း လိုက်ပါလာသည့် ISUZU ၆ ဘီး ကွန်တိန်နာ မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ
ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၂၉၀၀ ကျော်တန်ဖိုးရှိ ရောင်စုံဆပ်ပြာခွက် ၁၆၅ဝ
ခွက်အတွင်းမှ ဘိန်းဖြူအလေးချိန် ၁၆ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀၀
ပြား၊ ဘိန်း ၃၀ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စစ်ဆေးပေါ်ပေါက်ချက်အရ
အဆိုပါ မူးယစ်ဆေးဝါးများကို ကျောက်မဲမြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း
သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ
ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား
စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.