တရုတ်နယ်စပ်ဂိတ်များ ကာလရှည် ပိတ်ထားနိုင်သဖြင့် ဖရဲကို ပြည်တွင်းဈေးကွက်အတွက်သာ စိုက်ပျိုးသင့် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်နယ်စပ်ဂိတ်များ ကာလရှည် ပိတ်ထားနိုင်သဖြင့် ဖရဲကို ပြည်တွင်းဈေးကွက်အတွက်သာ စိုက်ပျိုးသင့် ဟုဆို

.

တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်များကို ပိတ်ထားမှုသည် အနည်းဆုံး ၆ လခန့်ကြာမြင့်နိုင်သောကြောင့် မိုးဖရဲစိုက်ပျိုးမှုကို ပြည်တွင်းဈေးကွက်အတွက်သာ ရည်ရွယ်စိုက်ပျိုးသင့်‌ကြောင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ဒုတိယ  ဥက္ကဋ္ဌ (၂) ဦးစိုင်းခင်မောင်က ပြောဆိုခဲ့သည်။

.

.

လက်ရှိ တရုတ်နယ်စပ်အခြေအနေတွေအရ ဘယ်အချိန်ဖွင့်မယ်ဆိုတာ မသိရဘူး။ တရုတ်ဘက်က ပိတ်တာက ၂ လ၊ ၃ လလောက်လည်း ဖြစ်နိုင်သလို နှစ်ချီပြီးလည်း ကြာသွားနိုင်တယ်။ အခုချိန်အထိ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့ အခြေအနေက သေချာမှုမရှိသလို ကုန်သွယ်ရေးက လုံးဝ ရပ်တန့်သွားပါပြီ။ ဖရဲ၊ သခွားစိုက်တောင်သူတွေ အတွက်တော့ ပြည်တွင်းဈေးကွက်ကိုသာ အားထားပြီး ချင့်ချိန်စိုက်ပျိုးပါ။ ကံကောင်းလို့ နယ်စပ်ဂိတ် ပြန်ဖွင့်တာ မြန်ရင်တော့ အသီးတွေ ပြန်တင်ပို့နိုင်မှာပါ” ဟု ဦးစိုင်းခင်မောင်က ပြောသည်။

.

တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ အဓိကဝင်ထွက်နေသည့် ကျင်စန်းကျော့ဂိတ်ကို ဇူလိုင်လဆန်းပိုင်းတွင် စတင် ပိတ်လိုက်ပြီး ကုန်သွယ်မှု ရပ်တန့်သွားခဲ့ရာ သြဂုတ်လ ၃ ရက်တွင် ရွှေလီမြို့ အုပ်ချုပ်ရေးတာဝန်ရှိသူများက အရေးကြီးဆေးဝါးပစ္စည်းမှလွဲ၍ နယ်စပ်ဂိတ်များကို ၂ လကြာပိတ်ထားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထား သည်ဟု သိရသည်။

.

COVID-19 ရောဂါ ထိန်းချုပ်မှုအစီအစဉ်အရ တရုတ်နယ်စပ်ဂိတ်များပိတ်ထားသည့်အခြေအနေကြောင့် သြဂုတ်လ အတွင်းစတင်သည့် မိုးဖရဲစိုက်ပျိုးမှုမှာ မရှိသလောက်နည်းသွားပြီး အဆိုပါမိုးဖရဲစိုက် ယာမြေများတွင် ဈေးကွက်အလားအလာကောင်းမည့် ပဲစင်းငုံကို ပြောင်းလဲစိုက်ပျိုးမှုများရှိနေကြောင်း တောင်သူများထံက သိရသည်။

.

နယ်စပ်ဂိတ် ပိတ်ထားတဲ့ အခြေအနေကို စောင့်ကြည့်နေရပါတယ်။ ပုံမှန်အချိန် သြဂုတ်လဆိုရင် မိုးဖရဲ၊သခွား စိုက်ပျိုးချိန်ပါ။ လက်ရှိမှာတော့ နယ်စပ်မတည်ငြိမ်မှုတွေရှိတော့ စိုက်တဲ့သူမရှိသလောက်ပါပဲ။ ပြည်တွင်း ဈေးကွက်အတွက်လောက်ပဲ စိုက်ပျိုးနေတာတွေ အနည်းငယ်ရှိပါတယ်။ အချို့တောင်သူတွေကတော့ အလုပ်သမားထိန်းရင်း အနည်းငယ် စိုက်ပျိုးတာတော့ရှိပါတယ်။ လက်ရှိမှာ မိုးဖရဲစိုက်ယာမြေတွေမှာ ပဲစင်းငုံကို စိုက်ပျိုးထားကြပါတယ်”ဟု ပင်းလောင်းမြို့နယ်မှ ဖရဲသီးစိုက်တောင်သူ ဦးမြင့်ဦးက ပြောသည်။

.

ယခင်နှစ်ကတည်းက COVID-19 ရောဂါထိန်းချုပ်မှုများကြောင့် တရုတ်နယ်စပ်ဂိတ်များတွင် အသီးကားများ ကြန့်ကြာမှုရှိခဲ့သဖြင့် ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင်လည်း အဓိကစိုက်ပျိုးတင်ပို့သည့် ဆောင်းစိုက်ဖရဲ ရာသီအတွက် နယ်စပ်အခြေအနေများကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း နှင့် စွန့်စားစိုက်ပျိုးရန်မှာလည်း လုပ်အားခ နှင့် သွင်းအားစု ဈေးများမြင့်တက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

.

မြန်မာနိုင်ငံတွင် ဖရဲကို တစ်နှစ် ၂ ကြိမ်စိုက်ပျိုးကာ မိုးဖရဲကို ဇူလိုင်၊သြဂုတ်လအတွင်း စိုက်ပျိုးပြီး စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ တရုတ်နိုင်ငံသို့ တင်ပို့ကာ ဆောင်းဖရဲကိုမူ အောက်တိုဘာလအတွင်း စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလ မှ ဧပြီလအထိ စိုက်ပျိုးတင်ပို့ကြကြောင်း သိရသည်။

.

#KBZTai #Shan #MuSe

.

Journal Download

Photo of three cats