COVID-19 ကာကွယ်ထိန်းချုပ်ရေး အဖြစ် ရှမ်းပြည်နယ်ရှိ အကျဉ်းထောင်များသို့ ထောင်ဝင်စာ ပစ္စည်းပို့ဆောင်ခွင့်ကို ကန့်သတ်ထားရာမှ ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
.
" ပါဆယ် ပို့လို့ ရပါပြီ။ မနေ့ (ဩဂုတ်လ ၁၇ ရက်) ကတည်းက ထောင်တွေကို စာ ပို့လိုက်ပါပြီ။ ၂ ပတ်ကို တစ်ကြိမ် ကြိုက်တဲ့ရက် ပို့လို့ ရပါတယ်။ " ဟု ရှမ်းပြည်နယ် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
.
ထို့အတူ ပြည်နယ် အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အသီးသီး၌ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူများ အပါအဝင် အကျဉ်းကျ ခံနေကြရသော အကျဉ်းသား၊ အချုပ်သားများ အားလုံးကိုလည်း COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
.
" တစ်ပြည်နယ်လုံး ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးသွားပြီ။ ထောင်မှာ အချုပ်ရယ်၊ အကျရယ် ၂ မျိုးပဲ ရှိတာ။ ဘာမှ ခွဲခြားထားဝာာ မရှိဘူး၊ အားလုံး အခွင့်အရေး အတူတူ ပေးထားတယ်။ ဥပဒေမှာလည်း သီးခြား မရှိပါဘူး။" ယင်း တာဝန်ရှိသူက ပြောသည်။
.
ရှမ်းပြည်နယ်တွင် ညောင်ရွှေအကျဉ်းထောင်၊ ကျိုင်းတုံအကျဉ်းထောင်၊ လားရှိုးအကျဉ်းထောင်၊ နမ့်စန်အကျဉ်းထောင်၊ သီပေါအကျဉ်းထောင်၊ လောက်ကိုင်အကျဉ်းထောင်၊ မိုင်းဆတ်အကျဉ်းထောင်၊ တောင်ကြီးအချုပ်ထောင်၊ ကျောက်မဲအချုပ်ထောင်၊ တာချီလိတ်အချုပ်ထောင်၊ မူဆယ်အချုပ်ထောင်၊ မိုးမိတ်အချုပ်ထောင်တို့ တည်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Prison