.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့တွင် COVID-19
ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့မဈေးအား ယာယီပိတ်ထားသော်လည်း
မြို့နယ်ပြင်ပမှ လာရောက်ရောင်းချသည့် ဈေးသည်များအား ဆက်လက်ရောင်းချခွင့်
ပြုထားသဖြင့် ရောဂါကူးစက်ပြန့်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက
ပြောဆိုလျက်ရှိသည်။
.
“ဟိုပုံးစည်ပင်က သက်သက်မဲ့
ညစ်တာပါ။ ဈေးမြောက်ဘက်မှာ တောင်ကြီးက ကားနဲ့လာရောင်းတာကိုတော့ ရောင်း ခွင့်ပေးထားတယ်။
ဟိုပုံးသားတွေကိုတော့ ရောင်းခွင့်လုံးဝမရဘူးတဲ့။ ကြပ်ကြပ်မတ်မတ်နဲ့ ဈေးကို ၁၀ ရက် အကုန်
ပိတ်ပြီး စည်းကမ်းတကျနဲ့ ပြန်ဖွင့်ပေးမယ်ဆိုရင် အဆင်ပြေမယ်ထင်တယ်။ ပြင်ပဈေးသည်တွေကို
လုံးဝ ရောင်းချခွင့် မပြုနဲ့ပေါ့” ဟု ဟိုပုံးမြို့မဈေးအတွင်း ဈေးရောင်းချသူတစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ဟိုပုံးဈေကို
ယာယီပိတ်သိမ်းရန် ညွှန်ကြားထားသော်လည်း လူတိုးဝှေ့ထူထပ်လေ့ရှိသည့် ကျွဲနွားပွဲဈေးကိုမူ
ပိတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ဖွင့်ခွင့်ပြုထားကြောင်း သိရသည်။
.
“အပေါ်ဈေးပိတ်လို့
ဒုက္ခရောက်နေတဲ့သူတွေ အများကြီးပါ။ တချို့က ဆိုင်ခန်းခတွေအတွက် ဆုကြေး ငွေတိုးဘူပြီး
လုပ်စားနေရတဲ့သူတွေ အရမ်း ဒုက္ခရောက်တယ်။ ငွေတိုးတို့ ဆိုင်ခန်းခတို့က ဈေးပိတ်လည်း
လစဉ် ပုံမှန်ပေးနေရ တာပါ” ဟု အခြား ဟိုပုံးဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါအခြေအနေနှင့်
ပတ်သက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင်
“မြို့အလိုက် ဈေးရောင်းချတာ စီမံခန့်ခွဲကြီးကြပ်မှုလုပ်တာက အုပ်ချုပ်ရေး အဖွဲ့နဲ့ စည်ပင်က
ညှိနှိုင်းလုပ်ကြတာကြောင့် တချို့ အသေးစိတ်အခြေအနေကိုတော့ ပြည်နယ်စည်ပင်အနေနဲ့ သိပ်မသိ
ပါဘူး။ အဲဒီလိုဖြစ်တယ်ဆိုရင် သက်ဆိုင်ရာမြို့က ရှင်းပြစရာရှိတာ ရှင်း၊ ပြုပြင်စရာရှိတာ
ပြုပြင်ရမှာပေါ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ဟိုပုံးမြို့နယ်အတွင်း
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကာကွယ်ကုသခြင်းများ
ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် COVID-19 စောင့်ကြည့်ထိန်းချုပ်ရေးကော်မတီ၏
ဩဂုတ်လ ၁၃ ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဟိုပုံးမြို့မဈေး အား ဩဂုတ်လ ၃၁ ရက်အထိ ယာယီဆက်လက်ပိတ်ထားရန်
မြို့နယ်စည်ပင်သာယာရေးကော်မတီက အသိပေး ကြေညာထားသည်။
.
ဟိုပုံးမြို့နယ်တွင်
COVID-19 တတိယလှိုင်းကာလ
ဇွန်လမှ ယမန်နေ့ ဩဂုတ်လ ၂၂ ရက်အထိ COVID-19 အတည်ပြု လူနာ ၄၆၀
ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၈ ဦး သေဆုံး၍ ၂၆၉ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ
လက်ရှိကုသဆဲ လူနာ ၁၈၃ ဦး ကျန်ရှိကြောင်း သိရသည်။
.