တောင်ကြီးမြို့ပေါ်ရှိ အိမ်ထောင်စု ၁၀၀ ကို Ko Kyaw Paint Group မှ လူငယ်များက ယနေ့ ဩဂုတ်လ ၆ ရက်တွင် စားသောက်ကုန်များ လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
" အလှူ လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ စုပေါင်းအားနဲ့ ကိုယ်ခံ စွမ်းအားတွေကို မြှင့်တင်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအလှူကို လုပ်ခဲ့ကြတာပါဗျ။ တတိယအကြိမ် လှူတာပါ။" ဟု လူငယ် တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်နှင့် အခြားရပ်ကွက်များရှိ နေရာအချို့မှ အခြေခံ စားသောက်ရေး ခက်ခဲနေသူများနှင့် COVID-19 ကူးစက်မှုကြောင့် အသွားအလာ ကန့်သတ်ခံထားရသော အိမ်ထောင်စု ၁၀၀ အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲနှင့် အသီးအရွက်များကို COVID-19 စည်းမျဉ်းစည်းကမ်းများနှင့် အညီ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
"ကျွန်တော်တို့ လှူနိုင်တာ အနည်းငယ်ပါ။ တကယ်လိုအပ်ပြီး ခက်ခဲနေတဲ့ မိသားစုဝင်တွေ အများကြီး ရှိတာမို့ အားလုံးကို မကူညီနိုင်သေးပါဘူး။ အခု လှူတယ်ဆိုတာကလည်း ကျွန်တော်တို့က ကာယဒါနနဲ့ အလှူအကူ ပြုလုပ်ပေးတာပါ။ အလှူရှင် တစ်ဦးစီတိုင်းကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ထပ်ပြီးတော့ လှူဒါန်းနိုင်အောင် ကြိုးစားသွားပါမယ်။" ဟု အဆိုပါ လူငယ်က ဆက်လက် ပြောဆိုသည်။
.
Stay at Home ထုတ်ပြန်ထားသော တောင်ကြီးမြို့ပေါ်တွင် စားသောက်ရေး အခက်အခဲ ရှိနေကြသူများက အလံထောင်၍ အကူအညီ တောင်းခံမှုများ ပြုလုပ်နေလျက် ရှိကာ ယင်းကဲ့သို့ အလံထောင် အကူအညီ တောင်းခံမှုအား ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့က အလံများ ဖြုတ်ချရန် စေခိုင်းမှုများ ရှိသည်ဟု လူမှုကွန်ရက်တွင် ယမန်နေ့က ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်ခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများကမူ မမှန်ကြောင်း ငြင်းဆိုခဲ့သည်။
.
#KBZTai #Shan #Taunggyi