မြန်မာနိုင်ငံတွင် နိုင်ငံရေးပြိုကွဲမှု ဖြစ်နေပြီး လူ့အဖွဲ့အစည်း တစ်ရပ်လုံးမှာလည်း ဆောက်တည်ရာ မရသည့် အခြေအနေမျိုး ဖြစ်နေကြောင်း၊ ကပ်ကြီး ၃ ပါး အပြင် ရန်သူမျိုး ၅ ပါးကိုလည်း တပြိုင်နက်တည်း ရင်ဆိုင်နေကြရသည်မှာ အလွန်တရာ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကြီး ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယနေ့ ဩဂုတ်လ ၅ ရက်တွင် ပြောဆိုခဲ့သည်။
.
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ - PPST အစည်းအဝေး (၁၈/၂၀၂၁) တွင် ဦးဆောင်မှု အလုပ်အဖွဲ့ ခေါင်းဆောင် ကိုယ်စား နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
.
စစ်အာဏာရှင်စနစ် ယာယီ ရပ်တန့်နေသော (သို့) နောက်ဆုတ်နေခဲ့သော ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ပြည်သူများ ရရှိခံစား ကြရသော လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးများနှင့် လွတ်လပ်မှု၊ ပွင့်လင်း မြင်သာမှုများကို တဖန် လက်လွှတ်ကြရသည့် ယနေ့ခေတ် လူငယ်များ အနေဖြင့် ခုခံတော်လှန်နေကြခြင်းကို PPST က နားလည် သဘောပေါက်ကြောင်းကိုလည်း ၎င်းက ပြောဆိုခဲ့သည်။
.
ထို့အတူ နိုင်ငံအလယ်ပိုင်း၊ မြေလတ်ပိုင်းရှိ ပြည်သူလူထုများ နိုးကြား ထကြွလာသည်ကို ထင်ရှားစွာ တွေ့မြင်ရသည့်အတွက် ချီးကျူးဂုဏ်ပြုကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
.
ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် ရှမ်းပြည်နယ် တောင်ပိုင်း၌ အခြေပြု လှုပ်ရှားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ နာယက ဖြစ်သည်။