.
လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင်
နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ
အပြင်ထွက်သွားလာနေသူများကို ဩဂုတ်လ ၁၁ ရက်မှစတင်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံက
သိရသည်။
.
နမ့်စန်မြို့နယ်တွင်
COVID-19 ရောဂါ ပိုးတွေ့အတည်ပြုလူနာ
အများအပြား ဆက်တိုက်တွေ့ရှိနေရပြီး ရောဂါပိုး ကူးစက်မှုနှုန်း မြင့်မားနေသည့်အတွက်
ပြည်သူများအနေဖြင့် COVID-19 ဆိုင်ရာ စည်းကမ်း၊ လမ်းညွှန်ချက်များနှင့်
အညီ သွားလာနေထိုင်ရန် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ
နေ့စဉ် အသိပေး နှိုးဆော်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ အသိပေးနှိုးဆော်မှုများ
ဆောင်ရွက်နေသည့်အပြင် ဩဂုတ်လ ၁၁ ရက်မှ စတင်ပြီး ပြည်သူများ အနေဖြင့် အပြင်ထွက်သွားလာရာတွင်
နှာခေါင်းစည်း တပ်ဆင်မှုရှိ/မရှိကို မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင် စစ်ဆေးပြီး
အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
"COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ ပြည်သူတွေအနေနဲ့ လူစုလူဝေး မလုပ်ဖို့ ၊
မလိုအပ်ဘဲ နေအိမ်ပြင်ပမထွက်ခွာဖို့နဲ့ မဖြစ်မနေ ထွက်ခွာသွားလာရမယ်ဆိုရင် Mask
စနစ်တကျ တပ်ဆင် သွားလာဖို့
အသိပညာပေးတာတွေ ၊ နှိုးဆော်တာတွေကို မြို့နယ်တွင်းမှာ စဉ်ဆက်မပြတ်
ဆောင်ရွက်ပေးနေပါတယ်။ မလိုက်နာတဲ့ သူတွေရှိနေတဲ့အတွက် ဩဂုတ်လ ၁၁ ရက်နေ့ကစပြီး
တာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့စုံနဲ့ ရှောင်တခင်စစ်ဆေးမှုတွေ
ဆောင်ရွက်ပါမယ်။ Mask မတပ်ဆင်ဘဲ
သွားလာနေသူတွေတွေ့ရင် ပထမအကြိမ် မှတ်တမ်းယူမယ်၊ ဒဏ်ငွေရိုက်မယ်၊ ဒုတိယအကြိမ်
ထပ်တွေ့ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်သွားပါမယ်” ဟု နမ့်စန်မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်
တစ်ဦးက ပြောသည်။
.
နမ့်စန်မြို့နယ်တွင်
ဩဂုတ်လ ၉ ရက်နေ့ အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၃၂၆ ဦး တွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၁၀ ဦး သေဆုံး၍
၂၁၃ ဦးမှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
.