နောင်ချိုမြို့နယ်၊ လားရှိုး-မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ် အနီး၌ ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို ဩဂုတ်လ ၂၉ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ လားရှိုး- မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးသို့ စိုင်းဘိုးစာ မောင်းနှင်၍ စိုင်းအောင်မွန်း(ခ) အောင်မိုး လိုက်ပါလာသည့် ၆ ဘီး ယာဉ်ပေါ်တွင် နာနတ်သီးများဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၉ ဒသမ ၈ သိန်း အား လည်းကောင်း၊ စိုင်းမျိုးချစ်အောင်(ခ) မျိုးချစ် မောင်းနှင်ပြီး ထွန်းနိုင် လိုက်လာသည့် ၆ ဘီးယာဉ်ပေါ်တွင် နာနတ်သီးများဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ဆာလာအိတ်များ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ကီလို၊ ဘိန်းစိမ်း ၁၂၄ ဒသမ ၈ ကီလိုတို့အား လည်းကောင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် ဖြစ်ပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
#KBZTai #Shan #Naunghkio #30August2021