ပိုးတွေ့သံဃာ ၁၅၀ ကျော်ရှိနေသည့် သိမ်တောင်ကျောင်းတိုက်အတွက် တောင်ကြီးလင်းယုန်လူမှုရေးအသင်းမှ ၂၁ ရက်စာ ဆွမ်းလှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပိုးတွေ့သံဃာ ၁၅၀ ကျော်ရှိနေသည့် သိမ်တောင်ကျောင်းတိုက်အတွက် တောင်ကြီးလင်းယုန်လူမှုရေးအသင်းမှ ၂၁ ရက်စာ ဆွမ်းလှူဒါန်း

.

COVID-19 ရောဂါ ပိုးတွေ့သံဃာ ၁၅၀ ကျော် တွေ့ရှိခဲ့သည့် တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်မှ သံဃာတော် များအတွက် ၂၁ ရက်စာ နေ့ဆွမ်းကို တောင်ကြီးလင်းယုန် လူမှုကူညီရေးအသင်းမှ စေတနာရှင် အလှူရှင်များ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုဖြင့် နေ့စဉ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

.

.

“သံဃာတွေအတွက် ချက်ပြုတ်ဖို့ အခက်အခဲရှိသွားတော့ လှူဒါန်းနိုင်ဖို့ လိုင်းပေါ်တင်လိုက်တဲ့အခါ အားလုံးက ဝိုင်းပြီး လှူကြတယ်။ မူလကတော့ ၁၄ ရက်ပဲ လှူဖို့ ရည်မှန်းထားတာပေါ့။ ဒါပေမဲ့ ရန်ကုန်က အလှူဒါယကာ တစ်ယောက်က ၁၄ ရက် မလုပ်ပါနဲ့ ၂၁ ရက် ပြည့်အောင်လှူပါ။ ကျန်တဲ့ ၇ ရက်စာကို သူလှူမယ်ဆိုပြီး ပြောလာပါတယ်။ ဒါကြောင့် ၂၁ ရက် ဖြစ်သွားတာပါ။ ၂၁ ရက်လုံးစာ အလှူ အကုန်ပြည့်သွားပါပြီ” ဟု တောင်ကြီးလင်းယုန် လူမှုကူညီရေးအသင်းမှ ကိုဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်ကြီးလင်းယုန် လူမှုကူညီရေးအသင်း အနေဖြင့် သံဃာတော်များအတွက် ဆွမ်းကွမ်းကိစ္စရပ်အပြင် ဆေးဝါး အတွက် အလှူရှင်များမှ လှူဒါန်းထားသည့် ငွေကြေးများကို သံဃာတော်များထံ ဆက်လက်လှူဒါန်းပေးသွားမည် ဖြစ်ကာ ရှမ်းတောင်ပရဟိတကွန်ရက်အနေဖြင့်လည်း သံဃာတော်များအတွက် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

.

သိမ်တောင်ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များနှင့် ကပ္ပိယများအား ဩဂုတ်လ ၂ ရက်က RDT ဖြင့် စစ်ဆေးခဲ့ရာ သံဃာ ၃၁ ပါးနှင့် ကပ္ပိယတစ်ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ကျန်သံဃာများနှင့် ကပ္ပိယများအား ဩဂုတ်လ ၉ ရက်တွင် ဓါတ်ခွဲနမူနာ များအား ထပ်မံရယူ၍ PCR နည်းဖြင့် စစ်ဆေးခဲ့ရာ သံဃာ ၁၂၃ ပါးတို့တွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည့်အတွက် ကျောင်းတိုက်အတွင်း ပိုးတွေ့သံဃာ/ကပ္ပိယ ၁၅၅ ပါး ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် ပိုးတွေ့သံဃာများအား မူလနေရာတွင်နေထိုင်စေပြီး ပိုးမတွေ့ရှိသည့် သံဃာတော်များကို ဓမ္မစကူးလ် ကျောင်းပေါ်၌ ခေတ္တ နေရာချထားပေးကာ ကျောင်းတိုက် တံခါးများအားလည်း သော့ခတ်၍ အဝင်/အထွက် ပိတ်ထား ကြောင်း သိရသည်။

.

Journal Download

Photo of three cats