.
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဖြစ်သူ ဒေါက်တာ ကျော်ထွန်းကို ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ကြောင်း ယနေ့ ဩဂုတ်လ ၁ ရက်တွင် စစ်ကောင်စီက အမိန့် ထုတ်ပြန်ခဲ့သည်။
.
.
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ် တာဝန်ပေးအပ်ကြောင်း စစ်ကောင်စီ၏ အမိန့်အမှတ် (၁၅၈/၂၀၂၁)တွင် ယင်းကဲ့သို့ ဖော်ပြ ပါရှိခြင်း ဖြစ်သည်။
.
ဒေါက်တာ ကျော်ထွန်းသည် ယခင်က လားရှိုး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဖေဖော်ဝါရီလ ၂ ရက်တွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ပြီးနောက် ယခုတွင် ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဆက်လက် တာဝန် ပေးအပ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး အဖြစ် ဦးခွန်သိန်းမောင်၊ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး အဖြစ် ဦးစိုင်းလိတ်၊ ပြည်နယ် လူမှုရေးရာ ဝန်ကြီး အဖြစ် ဦးအောင်မြင့်၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး အဖြစ် ရဲမှူးချုပ် တင်ကိုကို၊ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး အဖြစ် ဦးအောင်ကြည်ဝင်းတို့ကို ခန့်အပ်ကြောင်းကိုလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
.
ထို့အပြင် ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးဦးစီးမှူးသည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။
.
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖွဲ့ဟု ပြင်ဆင်ဖွဲ့စည်းကြောင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ အဖြစ် ပြင်ဆင် ဖွဲ့စည်းကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် တိုင်း/ပြည်နယ် ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
.