.
တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင်
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်ကတည်းက ပိတ်မိနေသည့် မြန်မာလုပ်သား ၅၀၀ ခန့်အနက် ၁၀၀ နီးပါးခန့်သည်
ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် ပြန်လာခွင့်ရပြီး ၄၀၀ ခန့် ကျန်ရှိနေကြောင်း သိရသည်။
.
“ရဲစခန်းတစ်ခုကို အယောက်
၁၀၀ လောက်ပဲ လွှတ်ပေးတယ်။ ပြီးတော့ ၁၉ ရက် မတိုင်ခင်ကတည်းက စာရင်းပေး ထားတဲ့သူတွေလည်း
ရှိနေတော့ ၁၉ ရက်မှာ စာရင်းပေးတဲ့သူက နည်းနည်းပဲ ပါတယ်” ဟု ရွှေလီမြို့ရှိ ပရဟိတအသင်း
တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ယနေ့ ဩဂုတ်လ ၂၁ ရက်တွင်
မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ် နန်းတော်ဝင်ပေါက်မှ ပြန်လည်ဝင်ရောက်လာ သူများသည်
ရဲစခန်းများ၌ စာရင်းပေးထားသူများသာဖြစ်ပြီး လက်ရှိ လက်ရှိ ရွှေလီမြို့ရှိ အောက်ဈေး၊
ဒေါင်ဝိုင်းနှင့် ကျေလက်ရဲစခန်း ၃ ခုတွင်လည်း စောင့်ဆိုင်းနေသူများရှိနေကြောင်း ၎င်းထံက
သိရသည်။
.
“အခုက အများကြီး ကျန်သေးတယ်။
ရဲစခန်း ၃ ခုတောင် ကျန်တယ်။ သူတို့က ဘယ်လိုပြန်ရမလဲ မသိတော့ အောက်ဈေးက ပန်းခြံမှာပဲ
နေကြတယ်။ အိပ်တဲ့နေရာတော့ ဘယ်လိုစီစဉ်နေလဲတော့ မသိဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ရဲစခန်း
၃ ခုတွင် နေရပ်ပြန်နိုင်ရေးအတွက် စောင့်ဆိုင်းနေသူများမှာ ၄၀၀ ဦးခန့် ရှိနေပြီး ဇူလိုင်လ
၂၆ ရက်မှ ယနေ့ ဩဂုတ်လ ၂၁ ရက်အထိ ပြန်လည်ဝင်ရောက်လာသည့် လုပ်သား ၅၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း
သိရသည်။
.