.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်များမှ ထွက်ရှိသည့် ဂေါ်ဖီထုတ်များ ရောင်းချရာတွင်
ဈေးကောင်းမရရှိသည့်အတွက် ဂေါ်ဖီစိုက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
.
“မုံလာထုပ် (ဂေါ်ဖီထုပ်)
ကတော့ နှစ်တိုင်း စိုက်နေတာပဲ။ ၃ လမျိုးကတော့ ရောင်းတာစောလို့ ဒီလောက် မရှုံးဘူး။
၆ လမျိုးက အခုမှ ထွက်တော့ မရောင်းရဘူး။ စိုက်ထားတဲ့အရင်းနဲ့ အလုပ်သမားခတွေနဲ့ ပြန်တွက်ရင်
တော်တော် လေးကို ရှုံးပါတယ်” ဟု ပင်းတယမြို့နယ်၊ တမဲကျေးရွာမှ ဂေါ်ဖီထုပ်စိုက် တောင်သူ
ကိုတင့်ဝေက ပြောသည်။
.
ပင်းတယနှင့် ရွာငံမြို့နယ်များသည်
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဂေါ်ဖီထုပ် အများဆုံးစိုက်ပျိုးရာ ဒေသဖြစ်ပြီး ယခုနှစ်တွင်
ဂေါ်ဖီထုပ် ၁၀၀၀၀ ကျော် စိုက်ပျိုးထားကာ စိုက်ပျိုးမှုကုန်ကျစရိတ် တစ်ဧကလျှင် ငွေကျပ်
၁၂ သိန်းကျော် ကုန်ကျကြောင်း သိရသည်။
.
လက်ရှိတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့်
ကုန်စည်စီးဆင်းမှု နှောင့်နှေးနေသည့်အတွက် ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ၅၀ ကျပ်မှ ၈၀ ကျပ်အထိသာ
ပေါက်ဈေးရပြီး တောင်သူများ အရှုံးပေါ်နေရခြင်းဖြစ်ကြောင်း သိရသည်။
.
“စိုက်တာက နွားချေးတွေ၊
မြေဩဇာတွေ၊ မျိုးစေ့တွေ၊ အလုပ်သမားတွေနဲ့ တွက်လိုက်ရင် တစ်ထုပ်ကို ၁၀၀ ကျော် လောက်ကျတယ်။
အခုရတာက အထုပ်ကြီးတောင်မှ ၁၀၀ မရဘူးဆိုတော့ ရှုံးတာပေါ့။ တစ်ယောက်တည်းမဟုတ်ဘူး။
ဒီနှစ်က အားလုံးလိုလိုရှုံးကြတယ်” ဟု ရွာငံမြို့နယ်၊ ယကြီးကျေးရွာမှ
ဂေါ်ဖီထုပ်စိုက်တောင်သူ ဦးထွန်းရွှေက လည်း ပြောဆိုခဲ့သည်။
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည်
စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည့် ဒေသတစ်ခုဖြစ်ပြီး လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် ကုန်စည်စီးဆင်းမှုများ
အနည်းငယ်အကန့်အသတ် ရှိနေသည့် အတွက် ဂေါ်ဖီထုပ်စိုက်တောင်သူများ အရှုံးနှင့်
ရင်ဆိုင်နေကြရသော်လည်း လက်ဖက်၊ ပြောင်းနှင့် ခရမ်းချဉ်သီးစိုက် တောင်သူများမှာ ဈေးကောင်းရရှိသည့်အတွက်
အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.
အဆိုပါဒေသမှထွက်ရှိသည့်
ဂေါ်ဖီထုပ်များကို ရန်ကုန်၊ မန္တလေးစသည့် တိုင်းဒေသကြီးများနှင့်
ပြည်နယ်များသို့ တင်ပို့ရောင်းချနေကြခြင်းဖြစ်ပြီး တစ်ရက်လျှင် ဂေါ်ဖီထုပ် ၃၀၀၀၀
ဝန်းကျင်ခန့်တင်ပို့ရောင်းချရကြောင်း သိရသည်။
.