.
တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ
ပန်းခြံတွင် မြန်မာလုပ်သား ၁၀၀ ကျော်သည် မူဆယ်မြို့မှတစ်ဆင့် နေရပ်သို့ ပြန်လည် ဝင်ရောက်နိုင်ရေးအတွက်
၄ ရက်ကြာအထိ ဆက်လက်စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည်
ဩဂုတ်လ ၁၉ ရက်ကတည်းက စတင်စောင့်ဆိုင်းနေကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်ခွင့်
မရသေးသည့်အတွက် ရွှေလီမြို့ရှိပန်းခြံတွင် နေ့/ည ဖြစ်သလို နေထိုင် နေကြရကြောင်း ရွှေလီမြို့ရောက်
မြန်မာလုပ်သားတစ်ဦးက ပြောသည်။
.
“ဒီနေ့တစ်ယောက်မှမပို့ဘူး။
လောလောဆယ် ၁၀၀ ကျော်လောက် ကျန်နေသေးတယ်။ သူတို့က အလုပ်ထွက်လာသူနဲ့ အထောက်အထား
မပြည့်စုံသူတွေ၊ ပြန်စရာ နေရာမရှိတော့လို့ အဲဒီ ပန်းခြံမှာပဲ ဖြစ်သလို ဆက်လက်
စောင့်ဆိုင်းနေ ကြတယ်” ဟု ၎င်းက ပြောသည်။
.
တရုတ်နိုင်ငံဘက်မှ
လူဦးရေ ၁၀၀ အတွက် ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် လူဦးရေ ၁၀၀ အတွက် တိုကင်ပေးထားပြီး ဩဂုတ်လ
၂၃ ရက်တွင် ဆေးစစ်ပြီးမှသာ ဩဂုတ်လ ၂၄ ရက်တွင် ပြန်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
.
“စနစ်တကျဖြစ်အောင်
တရုတ်ဘက်က စီစဉ်နေပါပြီပြောတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီ ဖုန်းဆက် ပြီး
ရပ်ကွက်၊ ကျေးရွာအလိုက် အကြောင်းကြားနေတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊
အိမ်ခန်းပိုင်ရှင်၊ အလုပ်ရုံ၊ စက်ရုံပိုင်ရှင်သူဌေးတွေ တာဝန်ယူ၊တာဝန်ခံမှု
အားနည်းလို့ ဒီလို ဒုက္ခရောက်ကြတာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ စောင့်ဆိုင်းနေသူများအနက်
အချို့မှာ နေထိုင်ရာအိမ်ခန်းသို့ ပြန်သွားကြပြီး အလုပ်ထွက်လာပြီးနောက် နေစရာ၊ သွားစရာမရှိသူ
၁၀၀ ကျော်မှာ နေထိုင်ရေး၊ စားသောက်ရေးအခက်အခဲ ဖြစ်ပေါ်နေသဖြင့် ပန်းခြံအတွင်း ညအိပ်စောင့်ဆိုင်းနေကြခြင်းဖြစ်ကာ
ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင်များ၊ ကလေးငယ်များလည်း ပါဝင်နေကြောင်း သိရသည်။
.
တရုတ်နိုင်ငံရောက်
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှ ဩဂုတ်လ ၂၁ ရက်အတွင်း
စုစုပေါင်း ၅၃၃၅ ဦး မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာပြီးဖြစ်ကြောင်း သိရသည်။
.