ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုတွင် ဖျက်အားပြင်း ငမြှောင်တောင်ပိုး ကျရောက်မှုကြောင့် ဧက ၃၄၀ ကျော် ထိခိုက်ကာ ၁၆ ဧက ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
ကျောက်ဂူကျေးရွာအုပ်စု အတွင်းမှ ထမင်းပေါင်း၊ ကျောက်မီးခတ်နှင့် ပုန်းအင်းကျေးရွာများရှိ အစေ့ထုတ်ပြောင်းစိုက်ခင်း ၁၄ ဧကနှင့် ယာစပါး ၂ ဧကတို့ ပျက်ဆီး ဆုံးရှုံးခဲ့ရသည့်အပြင် ၃၄၃ ဒသမ ၅၀ ဧက ခန့် ထိခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖျက်အားပြင်း ငမြှောင်တောင်ပိုး ကျရောက်နေမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ဩဂုတ်လ ၂၆ ရက်တွင် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
.
ငမြှောင်တောင် ပိုးသည် ပြောင်းနှင့် အခြားသီးနှံများ ဖြစ်သော စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်၊ ဝါများ အပါအဝင် သီးနှံမျိုးပေါင်း ၈ဝ ကျော်ကို ဖျက်ဆီးနိုင်သည့်အပြင် တစ်ညအတွင်း ကီလိုမီတာ ၁ဝဝ အထိ ပျံသန်း နိုင်စွမ်းရှိကာ ထိရောက်စွာ မနှိမ်နှင်းနိုင်ပါက သီးနှံအထွက်နှုန်းကို သိသိသာသာ ထိခိုက်စေနိုင်ကြောင်း သိရသည်။
.
ယင်း ငမြှောင်တောင်ပိုးအား ကာကွယ် နှိမ်နင်းနိုင်ရန်အတွက် စိုက်ခင်း ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းရန်၊ ပိုတက်ရှ်မြေသြဇာများကို မဖြစ်မနေ သုံးစွဲရန်၊ ဥမြုံများနှင့် လောက်ကောင်များကို လူအင်အားဖြင့် ကောက်ယူ ဖျက်ဆီးရန်၊ ပင်စည်၊ အရွက်များတွင် ပြာမှုန့်၊ သဲမှုန့်၊ လွှစာမှုန့်များ၊ ထုံး၊ ဆားနှင့် အဝတ်လျှော် ဆပ်ပြာများ ထည့်ပေးရန်၊ အတွင်းရှိ ပိုးများ သေစေရန်အတွက် ထိရောက်အောင် ဆေးဖျန်းရန်၊ သဘာဝပိုးနှင့် ဆေး၊ ပိုးပြေဆေး (တမာ၊ ငရုတ်၊ ဆေးရွက်ကြီး)များ ပက်ဖျန်းပေးရန်၊ မိတ်ဆွေပိုးများကို ထိန်းသိမ်းပေးရန်၊ သီးနှံ မစိုက်ပျိုးမီ မြေတွင်းသို့ ဓါတုပိုးသတ်ဆေး တစ်မျိုးမျိုး ထည့်၍ ရုပ်ဖုံးများ သေစေရေး ပြုလုပ်ပေးရန်၊ စိုက်ခင်းပတ်လည် ၁ ပေခွဲ၊ ၁ ပေ မြောင်း တူးရန်၊ ပိုးသတ်ဆေး ယဉ်ပါးမှု မဖြစ်စေရန်နှင့် နံနက်အစောနှင့် ညနေပိုင်း အချိန်များတွင်သာ ဆေးဖျန်းခြင်း ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။