ညောင်ရွှေအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် ကျောင်းဆရာ တစ်ဦး ကွယ်လွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် ကျောင်းဆရာ တစ်ဦး ကွယ်လွန်

တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာရှိ ညောင်ရွှေအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်း ခံထားရသော သိမ်ကုန်းကျေးရွာ မူလတန်းပြဆရာ ဦးစိုးလွင်လွင်၊ ၂၆ နှစ်သည် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

.

မတရား ဖမ်းဆီးခံရ၍ အကျဉ်းကျနေစဉ် COVID-19 ရောဂါဖြင့် ဩဂုတ်လ ၂၂ ရက်တွင် ကွယ်လွန်သွားသည်ဟု တောင်ကြီးမြို့နယ် အခြေခံကျောင်းသားများသမဂ္ဂ၏ ယမန်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

.

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အကျဉ်းဦးစီးဌာန တာဝန်ရှိသူ ထံသို့ ဆက်သွယ် မေးမြန်းရာတွင် " မနေ့က နှလုံးရောဂါ အခံနဲ့ အသက် ၂၅ နှစ်အရွယ် တစ်ယောက်၊ အဲဒီကို (ထောင်သို့) ရောက်တော့ ဆုံးသွားတယ်။ နေပူဆာ လှုံနေတဲ့ အချိန်မှာ ရုတ်တရက် လဲကျပြီး ဆုံးသွားတာ၊ ကျန်တာတော့ မသိပါဘူး။" ဟု ပြောသည်။

.

ထို့အတူ ညောင်ရွှေအကျဉ်းထောင်ရှိ အကျဉ်းသားများ အားလုံး ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် လိုအပ်သော ဆေးဝါးများကိုလည်း ဖြည့်ဆည်း ပေးထားသည်ဟု ယင်းတာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

.

ကွယ်လွန်သူ ဦးစိုးလွင်လွင် အဖမ်းဆီးခံရသည့် အခြေအနေ အသေးစိတ်ကိုမူ ကမ္ဘောဇတိုင်းအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

.

#KBZTai  #Shan #Taunggyi  #News

Journal Download

Photo of three cats