လူမှုကူညီရေး အသင်းအဖွဲ့များ ခွင့်ပြုချက် မရှိဘဲ ရုပ်အလောင်း သဂြိုလ်ပါက အရေးယူမည်ဟု ကလောစည်ပင် အကြောင်းကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လူမှုကူညီရေး အသင်းအဖွဲ့များ ခွင့်ပြုချက် မရှိဘဲ ရုပ်အလောင်း သဂြိုလ်ပါက အရေးယူမည်ဟု ကလောစည်ပင် အကြောင်းကြား

ကလောမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း သေဆုံးသွားသူများအား ခွင့်ပြုချက် မရှိဘဲ ရုပ်အလောင်း သဂြိုလ်ပါက အရေးယူမည်ဟု ကလောမြို့နယ် စည်ပင်သာယာရေးဌာနက ဩဂုတ်လ ၁၈ ရက်တွင် လူမှုကူညီရေး အသင်းအဖွဲ့များသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

.
သေဆုံးသွားသူများအား စည်ပင်သာယာရေးဌာနသို့ မှတ်ပုံတင်စာရင်း လာရောက်ရေးသွင်း လျှောက်ထားရန်နှင့် မီးသဂြိုလ်ခြင်း၊ ဂူသွင်းခြင်း၊ မြေမြှုပ်ခြင်းများအား ကူညီပေးနေသော ဘာသာရေးဆိုင်ရာ နာရေးကူညီမှု အသင်းအဖွဲ့များသည် ခွင့်ပြုချက် မရှိဘဲ သဂြိုလ်ခြင်း လုပ်ငန်းများအား မိမိသဘောဖြင့် ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရသဖြင့် နောင်အလားတူ သဂြိုလ်ခြင်း မပြုရန်၊ စည်ပင်သာယာ စည်းကမ်း ဥပဒေနှင့်အညီ လျှောက်ထားခွင့်ပြုချက် ရရှိပြီးမှသာ ဆောင်ရွက်ရန်နှင့် လိုက်နာမှု မရှိပါက ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူမည်ဟု အ‌ဆိုပါ ကလောစည်ပင်၏ အကြောင်းကြားစာတွင် ပါရှိသည်။
.
ယင်းကဲ့သို့ အကြောင်းကြားစာ ထုတ်ပြန်ခဲ့မှု အပေါ် ဒေသခံများ အကြား ဝေဖန်မှုများ ထွက်ပေါ်နေလျက်ရှိသည်။
.
" ဘယ်သူမှ သဂြိုလ်ချင်လို့ သဂြိုလ်နေတာမဟုတ်ဘူး။ ပရဟိတသမားတွေက စေတနာအရင်းခံ လုပ်ပေးနေတာ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ညှာလို့။ အရင်လို ရိုးရိုးသာမန်ရောဂါတွေနဲ့ သေလို့ စည်ပင်ကိုခွင့်ပြုချက် တောင်းရတယ်၊ ပိုက်ဆံပေးရတယ်ဆိုရင် ကြားလို့ ကောင်းသေးတယ်။ အခုက ကိုဗစ်နဲ့ သေနေကြတာ။ ချက်ခြင်းသဂြိုလ်တာ မလုပ်ရင် သေသူအလောင်းက ပိုးပြန့်၊ ပိုးတွေ ထွက်တယ်၊ အန္တရာယ် များတယ်ဆိုတာ နားမလည်ဘူးလား။" ဟု ကလော ဒေသခံတစ်ဦးက ပြောသည်။
.
ပရဟိတ အဖွဲ့ဝင်များ အနေဖြင့် နေ့/ည အချိန်ပြည့် ‌ကူညီ ဆောင်ရွက်ပေးနေရသည့် ကပ်ရောဂါ ကာလတွင် စည်ပင်သာယာရေးဌာန အနေဖြင့် ငွေ ရရှိရေးကိုသာ ဦးစားပေး နေခြင်းမှာ မဖြစ်သင့်ကြောင်းကိုလည်း ၎င်းက ဝေဖန်ခဲ့သည်။
.
ကလောမြို့နယ်၌ COVID-19 တတိယလှိုင်း ကာလအတွင်း COVID-19 ဖြင့် သေဆုံးသူများ အပါအဝင် ကွယ်လွန်သူ စုစုပေါင်း အနည်းဆုံး ၁၂၀ ဦးကျော် ရှိပြီး COVID-19 ကူးစက်ပျံ့နှံမှု များပြားလာခြင်းကြောင့် အောင်ပန်းမြို့ကိုလည်း ဇူလိုင်လ ၂၉ ရက်မှ စတင်၍ Stay at Home အမိန့် ထုတ်ပြန်ထားသည်။
.
#KBZTai #Shan #Kalaw

Journal Download

Photo of three cats