.
တောင်ကြီးမြို့တွင်
တည်ဆောက်မည့် အောက်စီဂျင်စက်ရုံကို လာမည့် စက်တင်ဘာ လဆန်းပိုင်းတွင် စတင်လည်ပတ်
နိုင်ရန် မျှော်မှန်းထားကြောင်း အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ကူညီရေးကော်မတီ ထံက သိရသည်။
.
.“ကျွန်တော်တို့က
ဝယ်ယူထားတုန်းပဲ ရှိပါသေးတယ်။ ဝယ်ယူထားတဲ့ ကုမ္ပဏီကလည်း နိုင်ငံခြားမှာ
ထုတ်လုပ်မှုကို ပြန်စောင့်ရတဲ့အတွက် ဩဂုတ် လကုန်လောက်မှ စက်ရုံ ရောက်မယ်။ စက်
တပ်ဆင်မှု အပိုင်းကတော့ ရက်ပိုင်းပဲ ကြာပါတယ်။ စက်တင်ဘာ လဆန်း ပထမပတ်၊ သို့မဟုတ်
ဒုတိယပတ်မှာ စက် စတင် လည်ပတ်နိုင်မှာပါ” ဟု တောင်ကြီးမြို့၊ အောက်စီဂျင်စက်ရုံ
တည်ဆောက်ရေးနှင့် COVID-19 ကပ်ရောဂါ
အထွေထွေကူညီရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသူရစောသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ
အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် သယ်ယူပို့ဆောင်ရေးနှင့် စက်ရုံလည်ပတ်မှု
အထွေထွေ ကုန်ကျစရိတ် အပါအဝင် ငွေကျပ် သိန်း ၁၅၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး
လက်ရှိတွင် အလှူငွေကျပ် သိန်း ၉၀၀ ကျော် ရရှိထားပြီးဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောဆိုခဲ့သည်။
.
အောက်စီဂျင်စက်ရုံ
တည်ဆောက်ရန်အတွက် မြေနေရာ၊ အဆောက်အဦနှင့် ထရန်စဖော်မာ စသည့် လိုအပ်ချက်များ
ကိုလည်း အလှူရှင် တစ်ဦးမှ အသုံးပြုခွင့် ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊
အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် COVID-19 ကပ်ရောဂါ
အထွေထွေကူညီရေးကော်မတီကို နာယက အဖြစ် ဦးခင်အောင်၊ ဦးစိုင်းထွန်းမြ တို့က
ဆောင်ရွက်ပြီး ဥက္ကဋ္ဌ ဦးဝေစိုး၊ ဒုဥက္ကဋ္ဌ ဦးသူရစောသိန်းနှင့် ဦးသိန်းဟန်၊
ဘဏ္ဍာငွေရှာဖွေရေးကော်မတီအဖွဲ့ဝင် ဦးဝင်းနိုင်စိုး၊ ဒေါ်ချယ်ရီကျော်၊
ဦးဝင်းတင့်တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
.