.
မျိုးစေ့များနှင့်
မြေ သြဇာများ စျေးမြင့်တက်နေသောကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းရှိ တောင်သူများ
အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။
.
ပြောင်းဖူးမျိုး
တစ်ထုပ်လျှင် ကျပ် ၄၀၀၀၀ မှ ကျပ် ၅၀၀၀၀ ကျော်အထိမြင့်တက်သွားသည့်အပြင် ဓာတ်မြေသြဇာ
တစ်ထုပ်လျှင် ကျပ် ၃၅၀၀၀ ခန့်မှ ကျပ် ၅၀၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားသောကြောင့်
စိုက်ပျိုးမည့် တောင်သူများအနေဖြင့် စရိတ်မြင့်တက်လာသော်လည်း စျေးကွက်ရရှိရန်အတွက်
မသေချာသေးကြောင်းလည်း သိရသည်။
.
“ဈေးက
တော်တော်ကြီးကို ကွာသွားပြီ။ ဒါတောင် အလုအယက်ဝယ်နေကြရတယ်။ ဘယ်လိုမှအဆင်ပြေမနေဘူး။
တောင်သူတွေကတော့ မြေပဲစိုက်တယ်။ တချို့လည်းပြောင်းကောက်စိုက်တယ်၊ မြေပဲနဲ့
ပြောင်းကောက်စိုက်သင့်တယ်၊ ပြောင်းကတော့ ရှမ်းမြောက်ကတော်တော် များများ
မစိုက်တော့တာတွေ့ရတယ်၊ ပြောင်း စိုက်များတာက ရှမ်းနဲ့ ကယားပဲ။ အခုက
ပြောင်းမျိုးစေ့တွေအကုန်လုံးနီးပါးက ဈေးတက်နေတော့ ဒုက္ခရောက်တာပေါ့"ဟု
ကလောမြို့မှ ပြောင်းစိုက်တောင်သူ ဦးမျိုးတင့်က ပြောသည်။
.
ပြောင်း အပြင် နှမ်းမျိုးစေ့များလည်း
ဈေးနှုန်းအနည်းငယ်မြင့်တက်နေပြီး နှမ်းစိုက်တောင်သူများ မှာလည်း ယခင်နှစ်
ဂျပန်နိုင်ငံသို့တင်ပို့ခွင့်ရသောကြောင့် နှမ်းနက်စျေးကောင်းသဖြင့်
ဆက်လက်စိုက်ပျိုးကြရာ ယခုနှစ်တွင် စျေး ထက်ဝက်ကျသည့်အပြင် ဝယ်လက်မရှိသည်
ကိုကြုံတွေ့နေရကြောင်းလည်း သိရသည်။
.
“ပြောင်းတော့
မစိုက်တော့ဘူး။ ဒီနှစ်က စိုက်ပျိုးစာရိတ်ချေးငွေလည်း မရတော့ဘူး။
မျိုးစေ့စျေးကလည်းတက်။ မြေသြဇာစျေးလည်း တက်ဆိုတော့ ပြောင်း မစိုက်တော့ဘူး။
ကိုယ့်ဒေသမျိုး ပြောင်း ကောက်ပဲစိုက်တော့တယ်။ ကိုယ့်ဒေသတွင်း ရောင်းဝယ်လို့ရ
ဖလှယ်လို့ရတဲ့ သီးနှံပဲစိုက် တော့တယ်။ ခရမ်းချဉ်သီးနဲ့ ပဲတောင့်ရှည် စိုက်တယ်
စျေးသွားသွင်းတယ်။ ဒေသမျိုး ဖြစ်တဲ့ မြေပဲလည်းစိုက်မယ်။ ပဲကြားစိုက်မယ်၊
ငရုတ်စိုက်မယ် ဒီနှစ်တော့ အကြွေးမတင်ချင်တော့ဘူး"ဟု ရပ်စောက်မြို့မှ တောင်သူ
ဦးထွန်းလွင်အေးက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းသည်
၂၀၁၉ ခုနှစ် အထိ ပြည်ပပို့သီးနှံအဖြစ် ပြောင်းနှင့် နှမ်း နက်ကို အဓိကထား စိုက်ပျိုးခဲ့ကြပြီး
ပြောင်း စိုက်တောင်သူများမှာ စျေးကောင်းမရခြင်း၊
ငမြောင်တောင်ပိုးကျရောက်ခြင်းများကို ကြုံခဲ့ကြရကာ အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း
လည်း သိရသည်။
.