.
ကျောက်မဲမြို့နယ်၊
ပန်လင်ကျေးရွာအုပ်စု၊ ပန်မကျေးရွာ အနီးတွင် ယမန်နေ့ ဩဂုတ်လ ၁၃ ရက်၊ နံနက်ပိုင်း လက်ဖက်ခူးသွားသူ
၂ ဦး မိုင်းနင်းမိပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ပန်လင်ကျေးရွာအုပ်စု၊
ပန်မကျေးရွာနေ ယာမာအိမ်နှင့် မိုင်းအိုက်ညီတို့ ၂ ဦးသည် ဩဂုတ်လ ၁၃ ရက်၊ နံနက် ၁၀ နာရီ
ခန့်က ဆင်နောင်ကျေးရွာဘက်သို့ လက်ဖက်ခူးသွားစဉ် လမ်းတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“အမျိုးသမီးက ဒဏ်ရာပြင်းထန်ပါတယ်။
လက်ရှိမှာ ရွာအဝင်အထွက် ပိတ်ထားတော့ ဘယ်နေရာမှလည်း သွားကုလို့ မရဘူး။ ရွာမှာပဲ ကုသပေးထားတယ်။
ကျေးရွာအနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
.
အလားတူ ပြီးခဲ့သည့်
ဇူလိုင်လ ၁၀ ရက်ကလည်း ပန်လင်ကျေးရွာမှ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး လက်ဖက်ခူးသွားစဉ်
မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရရရှိခဲ့ဖူးကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ်အတွင်းရှိ
ကျေးရွာဒေသခံများသည် စားဝတ်နေရေးအတွက် လက်ဖက်လုပ်ငန်းတစ်ခုကိုသာ အဓိက အားကိုးအားထား
လုပ်ကိုင် စားသောက်ကြသူများဖြစ်ပြီး ယခုကဲ့သို့ လုပ်ငန်းခွင်အတွင်း မိုင်းထောင်မှုများကြောင့်
အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.