.
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်က ပယ်ဖျက်ခဲ့သော်လည်း ရွေးကောက်ခံ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို
လူထုကိုယ်စားလှယ်များအဖြစ် လက်ခံထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(SNLD) အထွေထွေအတွင်းရေးမှူး
စိုင်းလိတ် က ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
၂၀၂၀ ရွေးကောက်ပွဲ
ရလဒ်သည် ပြည်သူလူထု၏ လွတ်လပ်စွာ မဲပေးပိုင်ခွင့်အပေါ် အခြေခံပြီး ထွက်ပေါ်လာသည့်
ရလဒ်ဟု ယူဆကြောင်း၊ ရွေးကောက်ပွဲတွင်
မဲမသမာမှုတွေ မဲစာရင်းအမှားယွင်းများ ရှိခဲ့သော်လည်း အများစုသော မဲဆန္ဒများသည်
လွတ်လပ်မျှတမှုအပေါ်တွင် မူတည်ပြီးလွတ်လပ်စွာ ရွေးချယ်တင်မြောက် မဲပေးခဲ့ကြကြောင်း
SNLD ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“အရွေးချယ်ခံထားရတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူထုက သူတို့ကို မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ်
ရွေးချယ်တင်မြှောက်ထားတာဖြစ်လို့ သူတို့တွေရဲ့ ဖြစ်တည်မှု အနေအထားအရ ဆိုရင်လည်း သူတို့ရွေးချယ်
တင်မြှောက်တဲ့ လူထုရဲ့ ကိုယ်စားလှယ်အဖြစ်ပဲ ကျွန်တော်တို့က ဆက်လက်ပြီးတော့
အသိအမှတ်ပြုသွားမှာ ဖြစ်ပါတယ်” ဟု စိုင်းလိတ် က ပြောသည်။
.
၂၀၂၀ နိုဝင်ဘာ ၈
ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စု
ရွေးကောက်ပွဲ ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေများနှင့်
ညီညွှတ်မှု မရှိသည့်အပြင် လွတ်လပ်ပြီး တရားမျှတမှုမရှိသည့်
ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် ယင်းရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ကြောင်း
ရွေးကောက်ပွဲကော်မရှင်အသစ်က ဇူလိုင်လ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
“ရွေးကောက်ပွဲ
ကာလမှာ လူထုဆန္ဒအရ ထွက်ပေါ်လာတဲ့ မဲရလဒ်ကို လက်ခံပါ့မယ်၊ လေးစား အသိအမှတ်ပြုပါ့မယ်
ပြောထွက်ထားပြီး နောက်ပိုင်းကျမှ ကဖျက်ယဖျက် လုပ်တာမျိုးက တရားမျှတတဲ့ လုပ်ရပ်လို့
မယူဆပါဘူး။ မတရားမှုကို ဘယ်သူကပဲ လုပ်လုပ် ကျနော်တို့က လက်သင့်မခံပါဘူး” ဟု စိုင်းလိတ်
ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ရွေးကောက်ပွဲတွင်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမျိုးဟားလွှတ်တော် ကိုယ်စားလှယ်
၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ ပြည်နယ်လွှတ်တော် ၂၈ နေရာ အနိုင်ရရှိထားပြီး မြန်မာတစ်နိုင်ငံလုံးတွင်
ကိုယ်စားလှယ်အရေအတွက် တတိယအများဆုံး အနိုင်ရရှိထားသည့် နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။
.
Source – Shan News
.