.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
(RCSS) ဌာနချုပု်တွင် ဇူလိုင်လ
၂၄ ရက်က လွယ်တိုင်းလျဲန်းကောလိပ် (Loi Tai Leng College) ကို
စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
နိုင်ငံအတွက် အဓိကကျသော
ပညာရေးကို အဆင့်မြှင့်တင်နိုင်ရန်နှင့် လူငယ်များကို ပြုစုပျိုးထောင်နိုင်ရန်အတွက်
RCSS ၏ ပညာရေးဖော်ဆောင်ရေးကော်မတီမှ
ဦးဆောင်၍ အဆိုပါ လွယ်တိုင်းလျဲန်းကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း Tai
Freedom သတင်းတွင် ဖော်ပြထားသည်။
.
အခမ်းအနားတွင် RCSS
ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က
ကောလိပ်ဖြစ်မြောက်ရေးအတွက် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရကြောင်း၊
ယခု ကောလိပ်ကျောင်း ဖွင့်လှစ်နိုင်ပြီဖြစ်ရာ လူငယ်များအတွက် ပညာရေး အခွင့်အလမ်းတစ်ခု
ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ပြည်ထောင်စု
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍလည်း မှေးမှိန်သွားခဲ့ပြီး ဖက်ဒရယ်ပညာရေးစနစ်
ပေါ်ပေါက်လာကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် RCSS
ဒုဥက္ကဋ္ဌ-၁ ဗိုလ်ချုပ် စိုင်းယီက
ကျောင်းသူကျောင်းသားများထံ အားပေးစကားပြောကြားခဲ့ပြီး RCSS ပညာရေးဖော်ဆောင်ရေးကော်မတီ ညွန်ကြားရေးမှူး ဗိုလ်ကြီး လန်တိုင်းမှ လွယ်တိုင်းလျဲန်းကောလိပ်ကျောင်း
ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
.
အခမ်းအနားသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒု-ဥက္ကဋ္ဌ
ဗိုလ်ချုပ် စိုင်းယီ၊ RCSS ပညာရေးဖော်ဆောင်ရေး ကော်မတီ ညွန်ကြားရေးမှူး
ဗိုလ်ကြီး လန်တိုင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသားကျောင်းသူများ
နှင့် မိဘပြည်သူများ စုစုပေါင်း ၄၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.
လွယ်တိုင်းလျဲန်းကောလိပ်ကျောင်းတွင်
ပထမဦးစွာ Political Science နိုင်ငံရေးသိပ္ပံဘာသာရပ်ကို
အဓိကထား သင်ကြားပေးမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင်
စတင်ဖွင့်လှစ်ကာ ၂၀၂၃ ခုနှစ်အထိ ၂ နှစ်တာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင်
အစိုးရနှင့်နိုင်ငံရေးဘာသာရပ် Politics and Government ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဘာသာရပ် Public
Administration ၊ နိုင်ငံတကာဆက်ဆံရေး
ပညာရပ် International Affairs တို့ကိုလည်း သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
Source – Tai Freedom
.