တောင်ကြီးမှ ဟိုပုံးမြို့သို့ ဝင်ရောက်လာသူအားလုံးကို COVID-19 လက္ခဏာရှိ/မရှိ စတင်စစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမှ ဟိုပုံးမြို့သို့ ဝင်ရောက်လာသူအားလုံးကို COVID-19 လက္ခဏာရှိ/မရှိ စတင်စစ်ဆေး

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့သို့ ‌တောင်ကြီးမြို့ဘက်မှ ဝင်ရောက်လာသူ အားလုံးကို ယနေ့ ဇူလိုင်လ ၂၂ ရက်မှ စတင်ပြီး COVID-19 ရောဂါလက္ခဏာရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း ဟိုပုံးမြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

.

.

ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်အရ တောင်ကြီး-ဟိုပုံး Toll Gate အနီးတွင်  COVID-19 စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ ဟိုပုံးမြို့သို့ ဝင်ရောက်လာသူအားလုံးကို COVID-19 လက္ခဏာ ရှိ/မရှိ၊ အပူချိန်တိုင်းခြင်း၊ သွေးတွင်းအောင်ဆီဂျင် level တိုင်းခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

"ပြည်နယ် COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ လမ်းညွှန်ချက်အရ မြို့နယ် COVID ကော်မတီတွေက ဦးစီးပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကြက်ခြေနီတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေက ဆောင်ရွက်နေတာပါ"ဟု ဟိုပုံးမြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ‌ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်းကဲ့သို့ စစ်ဆေးရာတွင် COVID-19 လက္ခဏာရှိပါက မည်သူမဆို COVID-19 RDT test စစ်ဆေးရမည်ဖြစ်ပြီး စစ်ဆေးခ ၁၀၀၀၀ ကျပ်အား စစ်ဆေးခံရသူမှ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

.

COVID-19 ရောဂါ ပထမလှိုင်းကာလ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းကတည်းက တောင်ကြီး-ဟိုပုံး COVID-19 ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို စတင်ဖွင့်လှစ်ကာ ဟိုပုံးမြို့ဘက်မှ တောင်ကြီးဘက်သို့ လာရောက်သူအားလုံးကို COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးပေးနေခြင်းဖြစ်ပြီး ယခုအခါ ယင်းဂိတ်အနီးတွင်ပင် ဂိတ်သစ်ဖွင့်လှစ်ကာ တောင်ကြီးမြို့မှ ဟိုပုံးမြို့ ဘက်သို့ လာရောက်သူများကို စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

.

ဟိုပုံးမြို့နယ်အတွင်း ယနေ့ဇူလိုင်လ ၂၂ ရက်၊ နေ့လယ် ၂ နာရီအချိန်အထိ COVID-19 အတည်ပြုလူနာ ၈၆ ဦးရှိနေပြီး ၎င်းတို့ကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats