တောင်ကြီးမြို့၌ ယနေ့ ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် စေတနာရှင် ပြည်သူများက အခြေခံ လူတန်းစား ပြည်သူများအတွက် ကြက်ဥ ၁၀ လုံး၊ ဆန် တစ်ပြည်၊ ဆီ တစ်ဗူးကို ၃၀၀ ကျပ်ဖြင့် လှူဒါန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
.
" နောက်ထပ် ဆူကာရွက်၊ ချဉ်ပေါင်ရွက်၊ ခရမ်းချဉ်သီး၊ ဆပ်ပြာ၊ ဆား၊ ဂေါ်ဖီထုပ်၊ မုန့်ထုပ်၊ ကြက်သွန်နီနဲ့ တခြား လိုအပ်တာတွေကိုလည်း သွားရောက် လှူတန်းမှာ ဖြစ်ပါတယ်ခင်ဗျာ။" လှူဒါန်းမှု ပြုလုပ်ရာတွင် ပါဝင်သူ ကိုအောင်မျိုးဝင်း (မဦး မြေကွက် အရစ်ကျ) က ပြောသည်။
.
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် အတွင်းရှိ အိမ်ထောင်စုပေါင်း ၁၄၀ အတွက် လှူဒါန်း ရောင်းချ ပေးခဲ့ခြင်း ဖြစ်ပြီး အခြား ရပ်ကွက်များသို့ လှူဒါန်းရန် အတွက် စီစဉ်ထားကြောင်း သိရသည်။
.
" ရည်ရွယ်ချက်က ခုလိုကာလမှာ အခက်အခဲ ဖြစ်နေတဲ့ လူတွေကို တစ်ဘက်တစ်လမ်းကနေ တတ်နိုင်သလောက် ကူညီတာပါ။ တစ်ရပ်ကွက် ချင်းစီ လှူနိုင်ဖို့လည်း ကြိုးစားသွားပါမယ်။" ဟု ကိုအောင်မျိုးဝင်း က ရှင်းပြသည်။
.
တောင်ကြီးမြို့နယ်ကို COVID-19 ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် ဇူလိုင်လ ၂၆ ရက်မှ စတင်၍ Stay at Home ကြေညာထားခြင်း ဖြစ်ပြီး စားသောက်ရေး ခက်ခဲသူများ ရှိလာနေသည့် အတွက် စေတနာရှင်ပြည်သူများက ထောက်ပံ့ လှူဒါန်းမှုများကို ပြုလုပ်နေကြခြင်း ဖြစ်သည်။