.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းမှ
ပန်းပဲဖိုလုပ်ငန်း လုပ်ကိုင်သူများ ရပ်တည်ရန်ခက်ခဲလာနေကြောင်း
ပန်းပဲလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
.
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင်
အေးသာယာစက်မှုဇုန် ပေါ်ပေါက်လာပြီးနောက် လယ်ယာလုပ်ငန်းသုံးပစ္စည်းများ လာရောက်အပ်နှံသူ
နည်းပါးလာသဖြင့် မြန်မာ့ရိုးရာလက်မှုပညာ ပန်းပဲလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနေပြီး
တိမ်မြှုပ်ပျောက်ကွယ်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။
.
လက်မှုလယ်ယာစနစ်မှ
စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲတိုးတက်လာမှုကြောင့် တောင်သူများအတွက် အချိန်ကုန်၊ ငွေကုန်သက်သာခြင်း
စသည့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေသော်လည်း မြန်မာ့ရိုးရာ လက်မှုပညာလုပ်ငန်းမှာ
တိမ်မြှုပ်ပျောက်ကွယ်လာနေရခြင်းဖြစ်ကြောင်း သိရသည်။
.
“ဒီအချိန်က
လာအပ်သူက တော်တော်လေးနည်းသွားပြီ။ ဒါတောင် တခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့
ယှဉ်ရင် စက်မှုလယ်ယာဖွံ့ဖြိုးမှုက ရှမ်းတောင်က နောက်ကျနေသေးတယ်။ အရင်ကဆိုရင်
လယ်ယာသုံးပစ္စည်းတွေကိုပဲ အဓိကထားလုပ်ရတာ။ အခုတော့ အဲဒီပစ္စည်းတွေအစား
စက်တွေအသုံးပြုလာတော့ ပန်းပဲဖိုတွေက ရပ်တည်ရ ခက်ခဲလာတယ်။ ဒီလုပ်ငန်းတစ်ခုတည်းနဲ့
ရပ်တည်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး"ဟု ပင်းတယမြို့နယ်မှ
ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ ဦးလှမောင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်မှုလယ်ယာစနစ်မှ
စက်မှုစနစ်သို့ ပြောင်းလဲလာပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ
တောင်သူများသည် ယခင်က အဓိကအားထားအသုံးပြုကြသော ထွန်သွား၊ ထယ်သွား၊ ဓား၊ တံစဉ်၊
ပေါက်ပြား၊ ဂေါ်ပြား၊ ပဲခွပ်တို့အစား ထွန်စက်၊ ခြွေလှေ့စက်၊ ရိတ်သိမ်းစက်စသည့်
စက်များကို အစားထိုးအသုံးပြုလာကြခြင်း ဖြစ်ကြောင်း သိရသည်။
.
“စက်က ပိုမြန်တယ်၊
အချိန်ကုန်သက်သာတော့ စက်ကိုပဲ အဓိကထားသုံးလာကြတယ်။ အရင်ကဆို ကျွဲ၊ နွားတွေနဲ့ပဲ
ထွန်ယက်၊ ထယ်ထိုးကြတော့ ထွန်သွား၊ ထယ်သွားတွေက တစ်နှစ်ပါတ်လုံးလုပ်ရတယ်။ အခုတော့
ထွန်စက်တွေက တစ်ရွာကို သုံးလေးစီးရှိလာပြီဆိုတော့ ထွန်စက်ကိုပဲ သုံးလာကြတယ်။
ထွန်စက်တွေ သွားလို့မရတဲ့နေရာတွေ လောက်ကိုပဲ ကျွဲ၊ နွားတွေကို သုံးကြတာဆိုတော့
အခုနောက်ပိုင်း သိပ်မလုပ်ရတော့ဘူး” ဟု ရပ်စောက်မြို့မှ ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ
ဦးတင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လယ်ယာသုံးပစ္စည်းများကို
အဓိကထားထုတ်လုပ်နေရသည့် ပန်းပဲဖိုများသည် လက်ရှိအချိန်၌ ပေါက်ပြား၊ ဂေါ်ပြား၊ ဓား၊
တံစဉ်များတို့ကို အနည်းငယ်သာ ထုတ်လုပ်နေရပြီး ထွန်သွား၊ ထယ်သွား၊ ပဲခွပ်တို့ကို
လုပ်ကိုင်ရမှုမရှိသလောက် နည်းပါးနေကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင်
ယခင်က တစ်မြို့နယ်လျှင် ပန်းပဲဖို ၃ ဖိုမှ ၁၀ ဖိုအထိ ရှိခဲ့သော်လည်း ယခုအခါ
တစ်မြို့နယ်လျှင် တစ်ဖို၊ ၂ ဖိုခန့်သာ ကျန်ရှိတော့ပြီး ၎င်းလုပ်ကိုင်သူများသည်လည်း
အခြားလုပ်ငန်းများကိုပါ လုပ်ကိုင်ရပ်တည်နေကြသည်ဟု သိရသည်။
.