တောင်ကြီးမြို့၊ မောချယ်ရီကားဝင်းနှင့် ယာယီပျံကျဈေးအတွင်း လူစုလူဝေးများ ဖြစ်ပေါ်နေသည့်အတွက် ကူးစက် ရောဂါ ပြန့်ပွားမည်ကို ဒေသခံများ စိုးရိမ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ မောချယ်ရီကားဝင်းနှင့် ယာယီပျံကျဈေးအတွင်း လူစုလူဝေးများ ဖြစ်ပေါ်နေသည့်အတွက် ကူးစက် ရောဂါ ပြန့်ပွားမည်ကို ဒေသခံများ စိုးရိမ်

.

တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းရှိ မောချယ်ရီကားဝင်းနှင့် ယာယီပျံကျဈေးအတွင်း အမြဲ လိုလို လူစုလူဝေးများ ဖြစ်ပေါ်နေသည့်အတွက် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံ များထံက သိရသည်။

.

.

“မောချယ်ရီကားဝင်းကတော့ ကားဂိတ်ပေါင်းစုံ၊ ဈေးတန်းကြီးနဲ့ စည်ကားနေဆဲပါပဲ။ အိမ်သာက ဂိတ်ခန်းတိုင်းလိုလို မရှိဘူး။ အများသုံးအိမ်သာကို လူပေါင်းများစွာ သုံးစွဲနေကြတာပါ။ အမြို့မြို့အနယ်နယ်က ခရီးသည်တွေရော တချို့ ဆိုရင် ဂိတ်မှာအိပ်ပြီး ခရီးဆက်ကြတာပါ။ နေချင်သလို နေနေကြတာပါ။ လူနာတွေ့လို့ Lockdown ချထားတဲ့ ဆိုင်ခန်းကလည်း အိမ်သာ မရှိပါဘူး။ အရမ်းကူးစက်လွယ်ပြီး ကြောက်စရာအကောင်းဆုံးနေရာပါ” ဟု ဒေသခံတစ်ဦး က ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

တောင်ကြီးမြို့တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်အတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် စည်ပင်ဌာနပိုင် ဈေးများအတွင်း ရောင်းချလျက်ရှိသော ပျံကျဈေးသည်များအား ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှ စတင်၍ အဆိုပါ မောချယ်ရီကားဝင်းအနီး အပါအဝင် နေရာ ၆ ခုတွင် နေ့စဉ် နံနက် ၆ နာရီမှ ၁၀ နာရီအထိ ယာယီပျံကျဈေး ရောင်းချရန် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ညွှန်ကြားထားခဲ့ပြီး ဖြစ်သော်လည်း မောချယ်ရီကားဝင်း နှင့် ပျံကျဈေးနေရာတွင် နေ့စဉ် လူစုလူဝေးများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

.

“အဲဒီကားဝင်းနဲ့ ယာယီပျံကျဈေးနားမှာဆိုရင် Mask မတပ်တာတွေ၊ ဆေးလိပ်သောက်နေတာတွေလည်း အများကြီး ပါပဲ။ ကားဂိတ်တွေလည်း ပစ္စည်းအတင်အချ အမြဲရှိတယ်။ မနက်ပိုင်းဆိုရင် ပိုစည်ပါတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောဆိုခဲ့သည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးနေလင်းအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “လူစုလူဝေး မဖြစ်အောင်လို့ အဲဒီလို ယာယီပျံကျဈေးတွေကို ခွဲပြီး ထုတ်ထားပေးတာပါ။ အဲဒီမှာ စဝ်စံထွန်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကြီးကြပ်ရေးအဖွဲ့တွေ ရှိပါတယ်။ လူစုလူဝေး မဖြစ်အောင်တော့ ကြီးကြပ်ပြီး လုပ်ပေးနေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

.

တောင်ကြီးမြို့နယ်အတွင်း ဇွန်လ ၁ ရက်မှ ယမန်နေ့ ဇူလိုင်လ ၂၁ ရက်အထိ COVID-19 ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း ၁၀၂၀ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ၂၇ ဦး သေဆုံး၍ ၂၀၀ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ လက်ရှိ ဆေးကုသမှု ခံယူနေသူ ၇၉၃ ဦး ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats