ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးများ ဈေးနှုန်းဆက်တိုက်ကျဆင်းလာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးများ ဈေးနှုန်းဆက်တိုက်ကျဆင်းလာနေ

.

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ခရမ်းချဉ်သီးများ ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာနေကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံက သိရသည်။

.

.

ရှမ်းတောင်ဒေသတွင် ခရမ်းချဉ်သီးများကို နှစ်စဉ် ဧပြီလခန့်မှစတင်၍ မျိုးစေ့ပျိုး‌ထောင်ပြီး တစ်လအကြာတွင် ပျိုးပင်များကို ရာသီဥတုအပေါ် မူတည်၍ စတင်စိုက်ပျိုးကာ ၂ လကျော်အကြာ ဇွန်၊ ဇူလိုင်လခန့်တွင် စတင်ခူးဆွတ်ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။

.

“စထွက်တုန်းကနေ ၂ ပတ်လောက်အထိ ဈေးကောင်းရလိုက်သေးတယ်။ အဲဒီဈေးအတိုင်းဆိုရင် ‌ဒီနှစ်တော့ ခရမ်းချဉ်သီးစိုက်တောင်သူတွေ တော်တော်လေးအဆင်ပြေပြီလို့ ထင်ထားတယ်။ ဈေးကဆက်တိုက်ပဲ ကျသွားတယ်။ ဒီဈေးနှုန်းအတိုင်းဆိုရင် အရင်းလောက်တော့ ပြန်ရနိုင်ပေမဲ့ ဆက်ကျသွားရင်တော့ အဆင်မပြေတော့ဘူး"ဟု ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာမှ ခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦးက ပြောသည်။

.

ပင်းတယမြို့နယ်အတွင်း ဇူလိုင်လ ဒုတိယပတ်မှစတင်၍ ခရမ်းချဉ်သီးများကို စတင်ခူးဆွတ်ရောင်းချခဲ့ပြီး စတင် ထွက်ပေါ်ချိန်မှ ဇူလိုင်လ ၁၉ ရက်အထိ ခရမ်းချဉ်သီးအစိမ်း တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၅၅၀ ကျပ်အကြား၊ ခရမ်းချဉ်သီးအမှည့်တစ်ပိဿာလျှင် ၅၅၀ကျပ်မှ ၇၅၀ အထိ ပေါက်ဈေးရှိနေခဲ့သော်လည်း ဇူလိုင်လ ၂၂ရက်မှ စတင်၍ ဈေးနှုန်းကျဆင်းခဲ့ရာ ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် ခရမ်းချဉ်သီးအစိမ်း တစ်ပိဿာလျှင် ၁၀၀ ကျပ်မှ ၁၈၀ ကျပ် အကြား၊ ခရမ်းချဉ်သီးအမှည့်တစ်ပိဿာလျှင် ၁၆၀ ကျပ်မှ ၂၅၀ ကျပ်သာ ဈေးရရှိတော့ကြောင်း သိရသည်။

.

"စိုက်ထားတဲ့အရင်းနဲ့ အလုပ်သမားခတွေနဲ့ ပြန်တွက်ရင် ဒီဈေးက တောင်သူတွေအတွက် အရင်းကျေရုံလောက်ပဲ။ ဈေးပြန်တက်လာဖို့တော့ မျှော်နေရတာပေါ့။ အခုက ဆက်တိုက်ကျလာနေသလို ဝယ်လိုအားလည်း နည်းလာတယ်။ စထွက်တုန်းက အလုအယက်လာဝယ်ကြပေမဲ့ အခုတော့ ဝယ်သူရှာရ၊ မျှော်ရတာက အလုပ်တစ်ခုလိုဖြစ်နေပြီ"ဟု ရပ်စောက်မြို့နယ်မှ ခရမ်းချဉ်သီးစိုက်တောင်သူ ဦးစိုးလင်းက ပြောသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ ထွက်ရှိသည့် ခရမ်းချဉ်သီးများကို ဒေသတွင်းသာမက အောင်ပန်းမြို့ရှိ သီးနှံပွဲရုံများမှ တစ်ဆင့် မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။

.

Journal Download

Photo of three cats