ပြည်သူများ စားဝတ်နေရေး အခက်အခဲ မဖြစ်ရေး စီစဉ်ရန် အရေးပေါ် လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူများ စားဝတ်နေရေး အခက်အခဲ မဖြစ်ရေး စီစဉ်ရန် အရေးပေါ် လိုအပ်နေ

(Photo - Facebook)


မြိုတော် တောင်ကြီးကို ဇူလိုင်လ ၂၆ ရက်က စတင်၍ Stay at Home အဖြစ် သတ်မှတ်လိုက်သည့်အတွက် ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲ မဖြစ်စေရေး စီစဉ်ရန် အရေးပေါ် လိုအပ်နေလျက် ရှိကြောင်း သိရသည်။

.

“အရင် ရက်တွေကတောင် အလံထောင်ပြီး အကူအညီ တောင်းတာတွေ ရှိနေတာ။ အခုဆို ပိုပြီး ဆိုးလာနိုင်တယ်။ ဘယ်သူမှ လုပ်မပေးနိုင်ဘူး ဆိုရင်တောင် ပြည်သူက ပြည်သူကို ကူညီတဲ့ အစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုအပ်‌နေပြီ။ တကယ် ခက်ခဲကြမှာက ပြည်သူတွေပဲ။ အထူးသဖြင့်တော့ အခြေခံလူတန်းစား ပြည်သူတွေပေါ့။" ဟု တောင်ကြီးမြို၊ ဘုရားဖြူရပ်ကွက် နေသူ တစ်ဦးက ပြောသည်။

.


Stay at Home မကြေညာမီ တစ်ရက်အလိုက တောင်ကြီးမြို ရွှေတောင်ရပ်ကွက်၌ အလံထောင်၍ စားဝတ်နေရေး ခက်ခဲကြောင်း ပြသသည့် အခြေအနေများကို လူမှုကွန်ရက်က တစ်ဆင့် တွေ့မြင်ခဲ့ရပြီး Stay at Home ရက် ကြာမြင့် လာသည်နှင့် အမျှ အခြေခံ ပြည်သူများ၏ စားဝတ်နေရေးမှာ ပိုမို ကြပ်တည်းလာနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

.

“နဂိုကတည်းကမှ စစ်အာဏာ သိမ်းလိုက်လို့ ကြပ်တည်း‌နေကြရတဲ့ ဘဝတွေက ကိုဗစ်ကြောင့် ပိုပြီး ဆိုးရွား လာရပြီ။ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်လာနေတာ။" ဟု တောင်ကြီးမြို၊ ရတနာသီရပ်ကွက်နေ လူငယ်တစ်ဦးက ဆိုသည်။

.

“နဂိုကတည်းကမှ စစ်အာဏာ သိမ်းလိုက်လို့ ကြပ်တည်း‌နေကြရတဲ့ ဘဝတွေက ကိုဗစ်ကြောင့် ပိုပြီး ဆိုးရွား လာရပြီ။ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်လာနေတာ။"

.

စစ်အာဏာ သိမ်းမှု ဖြစ်ပေါ်ပြီးနောက် လပိုင်းခန့် အကြာမှ စတင်၍ တောင်ကြီးမြိုပေါ်နေ ပြည်သူများ စားဝတ်နေရေး ကြပ်တည်းနေရကာ Stay at Home ကြောင့် ပိုမို ဆိုးရွားလာနိုင်သည်ဟု ယင်းလူငယ်က ရှင်းပြသည်။

.

တောင်ကြီးမြိုနယ် အတွင်းရှိ ဟင်းသီးဟင်းရွက် ရောင်းချသူများကို နံနက် ၄ နာရီမှ ၆ နာရီထိသာ ရောင်းချစေခြင်း၊ ဆေးဆိုင်မှ အပ ကျန် ဆိုင်များကို နံနက် ၆ နာရီမှ ၁၂ နာရီထိသာ ရောင်းချစေခြင်း၊ ပျံကျဈေးသည်များအား ရောင်းချခွင့် မပြုတော့ခြင်း၊ ယာယီဈေးများအား နံနက် ၆ နာရီမှ ၁၀ နာရီထိသာ ဖွင့်လှစ် ရောင်းချစေခြင်း၊ ညဈေးများအား ပိတ်သိမ်းစေခြင်း အပါအဝင် အခြားသော ကန့်သတ်ချက်များကို Stay at Home ကာလ၌ လိုက်နာ ဆောင်ရွက်ရန်နှင့် မလိုက်နာပါက သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူမည်ဟု အသိပေး ကြော်ငြာစာများ ထုတ်ပြန်ထားသည်။

.



“ကိုဗစ်ကို ထိန်းချုပ်ဖို့ လုပ်တာကို အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ ဘာမှ လုပ်စားလို့ မရအောင် ကန့်သတ်တာမျိုးက ငတ်ပြီး သေအောင်ဖို့လားလို့တောင် ထင်မိတယ်။ ကိုဗစ်ကြောင့် မသေခင်၊ ငတ်ပြီး မသေဖို့ကို အရင် ဆုတောင်း နေရမလို ဖြစ်နေပြီ။"ဟု တောင်ကြီးမြို၊ စိန်ပန်းရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

.

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့်  ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပရဟိတအဖွဲ့များ တွေ့ဆုံပွဲ တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်နိုင်ရေးကိုသာ အဓိကထား ဆွေးနွေးခဲ့သည်ကို ပြန်ကြားရေး သတင်းဌာနများ၏ သတင်း ဖော်ပြမှုအရ တွေ့မြင်ခဲ့ရပြီး ပြည်သူများ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းရန် ဆွေးနွေးသည့် အခြေအနေကို မတွေ့ရပေ။

.

COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလများက ရှမ်းပြည်နယ် စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ အပါအဝင် အခြားသော ပရဟိတ အဖွဲအစည်းများမှ အခြေခံ ပြည်သူများ၏ စားဝတ်နေရေးကို ကူညီ ထောက်ပံ့မှုများ ပြုလုပ်ခဲ့သော်လည်း ယခု ကူးစက်မှု၊ သေဆုံးမှု မြင့်မား မြန်ဆန်လှသည့် တတိယလှိုင်းတွင်မူ စားနပ်ရိက္ခာ ထောက်ပံ့မှု အနည်းငယ်မျှသာ ရှိ‌ကြောင်း သိရသည်။

.

တောင်ကြီးမြိုပေါ်ရှိ COVID-19 Positive လူနာများအတွက် ကိုအယ်ပွ ဟု လူသိ များကြသော ဦးကိုကိုဦးနှင့် မိသားစု အပါအဝင် အခြားသော အလှူရှင်များက စားသောက်ဖွယ်ရာများကို လှူဒါန်းမှု ပြုလုပ်နေသော်လည်း အခြေခံ ပြည်သူများအတွက် ထောက်ပံ့မှုမှာ မရှိသလောက် ဖြစ်နေသည်။

.

“ကျွန်မတို့ကတော့ ပြည်သူက ပြည်သူကို လှူတဲ့ အနေနဲ့ လှူတာပါ။ အရင် အချိန်တုန်းတွေက‌ ပိုပြီး လှူခဲ့ပါတယ်။ အခုတော့ တတ်နိုင်သလောက်လေးနဲ့ ရှိတာလေးပဲ လှူရတယ်။ အားလုံးက အောက်ဆီဂျင်ကို အာရုံ ရောက်နေကြ ချိန်မှာ ထမင်း နပ်မှန်အောင် မစားနိုင်သူ‌တွေကို မေ့နေကြတယ်လို့ ထင်တယ်။ တောင်ကြီးက သူဌေးတွေ များတယ် ဆိုပေမဲ့ တစ်နေ့လုပ် တစ်နေ့စားတွေလည်း အများကြီးပါပဲ။ တောင်ကြီးမြိုနယ်က လူတွေ အားလုံးက လူသားတွေပါ။" ဟု ပြည်သူမှ ပြည်သူသို့ လှူဒါန်းမှု ပြုလုပ်ခဲ့သူ အမျိုးသမီးက ပြောသည်။

.

ရှမ်းပြည်နယ်၏ မြိုတော်ဖြစ်သည့် တောင်ကြီးမြိုနယ်အတွင်းရှိ တောင်ကြီးမြိုပေါ် ၂၂ ရပ်ကွက်၊ အေးသာယာမြိုပေါ် ၁၂ ရပ်ကွက်၊ ရွှေညောင်မြိုပေါ် ၁၁ ရပ်ကွက်၊ ကျောက်တလုံးကြီးမြိုပေါ်  ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၄ အုပ်စုတွင် ဒေသခံ ပြည်သူ စုစုပေါင်း ၃၉၀၀၀၀ ကျော် နေထိုင်လျက် ရှိရာ ၎င်းတို့ အားလုံးသည် Stay at Home သတ်မှတ်ချက် များနှင့် အကျုံးဝင်သူများ ဖြစ်ကြသည်။

.

ဒေသခံ ပြည်သူ စုစုပေါင်း ၃၉၀၀၀၀ ကျော် နေထိုင်လျက် ရှိရာ ၎င်းတို့ အားလုံးသည် Stay at Home သတ်မှတ်ချက် များနှင့် အကျုံးဝင်သူများ ဖြစ်ကြသည်။

.



ယင်းကဲ့သို လူဦးရေ ၄ သိန်းနီးပါး ရှိသော မြိုနယ်တွင် နီးစပ်ရာများကိုသာ လှူဒါန်းနေကြသည်မှာလည်း မဖြစ်သင့် ကြောင့် ဝေဖန်မှုများ ရှိနေသည်။

.

“လှူနေကြတာကို သာဓု ခေါ်ပါတယ်။ တကယ်က ငတ်နေသူတွေ တော်တော်များတယ်။ နီးစပ်ရာကိုပဲ လှူနေကြတာ သဘာဝ မကျဘူး။ ဒါက အာဏာ လုထားတာပဲ ပြောပြော၊ ထိန်းတာပဲ ပြောပြော၊ သူတို့မှာ တာဝန် ရှိတယ်။ အလံထောင်ရင်လည်း ဖမ်းမှာ ကြောက်ရသေးတယ်။ ရန်ကုန်မှာ ဖမ်းတယ် ဆိုတာ တွေ့နေရတော့ အလံ မထောင်ရဲကြဘူး။ လူမသိ သူမသိ ငတ်သေရမလိုပဲ။" တောင်ကြီးမြိုနေ လူငယ်တစ်ဦးက ဝေဖန် အကြံပြုခြင်း ဖြစ်သည်။

.

တောင်ကြီးမြိုနယ် အတွင်း၌ ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၂၇ ရက်ထိ COVID-19 ပိုး ရှိသူ ၁၅၀၀ ကျော် တွေ့ရှိခဲ့ပြီး ယင်းအနက် ၆၉ ဦး သေဆုံးခဲ့ရကာ ၄၉၀ ကျော် ဆေးရုံမှ ဆင်းခွင့် ရရှိ၍ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သူ ၉၄၀ ဦး ရှိကြောင်း သိရသည်။

.

“COVID-19 ကူးစက် ပျံ့နှံမှု များပြားလာတာကြောင့် Stay at Home သတ်မှတ်ပြီး ထိန်းချုပ်တာက မှန်ကန်တဲ့ လုပ်ရပ် ဖြစ်‌ပေမဲ့လည်း Stay at Home ကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်မယ့် အခြေအနေကိုလည်း ထည့်သွင်း စဉ်းစားပြီးတော့ အဖြေရှာ သင့်ပါတယ်။  နေရေးထက် မငတ်ရေးကို တွေးပူနေရသူတွေ ရှိနေတယ်‌ပေါ့။" ဟု တောင်ကြီး မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

Journal Download

Photo of three cats