ကမ္ဘောဇတိုင်းမှ ဖမ်းဆီးခံထားရသည့် သတင်းသမားများ အပါအဝင် ၄ ဦးကို ရုံးထုတ်သော်လည်း စစ်ဆေးခြင်း မရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇတိုင်းမှ ဖမ်းဆီးခံထားရသည့် သတင်းသမားများ အပါအဝင် ၄ ဦးကို ရုံးထုတ်သော်လည်း စစ်ဆေးခြင်း မရှိ


.

ကမ္ဘောဇတိုင်းသတင်းဌာနမှ ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ခံထားရသည့် သတင်းသမားများ အပါအဝင် ၄ ဦးကို ယနေ့ ဧပြီလ ၂၂ ရက်က ညောင်ရွှေအကျဉ်းထောင်တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့‌သော်လည်း တရားလိုပြ သက်သေ လာရောက်ခြင်း မရှိသည့်အတွက် အမှုကို စစ်ဆေးခြင်း မပြုဘဲ ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။

.



.

“တရားလို၊ တရားလိုပြသက်သေတွေ မလာလို့ အမှု မစစ်ဖြစ်ဘူး။ မေလ ၆ ရက်နေ့မှာ စစ်ဆေးဖို့ (ရုံးချိန်း) ထပ်ချိန်းလိုက်ပါတယ်။" ဟု အမှုအား လိုက်ပါကူညီ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေက ပြောသည်။

.

ပြီးခဲ့သည့် မတ်လ ၂၄ ရက် ညပိုင်းက ကမ္ဘောဇတိုင်းသတင်းဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နှင့် နေအိမ်အစောင့် စိုင်းစည်သူတို့သည် ဟိုပုံးမြို့၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး စိုင်းစည်သူကို မတ်လ ၂၅ ရက် ညနေပိုင်းတွင် ပြန် လွှတ်ပေးခဲ့သော်လည်း ယင်းနေ့ ညပိုင်းတွင်ပင် CDM ပြုလုပ်သည်ဟု ဆိုကာ ပြန်လည် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

.

ဖမ်းဆီးခံရပြီးနောက် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာရှိ အကျဉ်းထောင်၌ ထိန်းသိမ်းကာ စစ်ဆေး မေးမြန်းမှုများကို ပြုလုပ်ခဲ့‌ကြောင်းနှင့် ဖမ်းဆီးစဉ်က ကွန်ပျူတာများ၊ ကင်မရာများ၊ လက်ကိုင်ဖုန်းများပါ သိမ်းဆည်း ခံခဲ့ရ‌ကြောင်းလည်း သိရသည်။

.

ကမ္ဘောဇတိုင်း သတင်းဌာနသည် တောင်ကြီးမြို့၌ အခြေစိုက်၍ ရှမ်းပြည်နယ်အတွင်းမှ သတင်းများကို ထုတ်လွှင့် တင်ဆက်နေသော တရားဝင် သတင်းမီဒီယာဌာန တစ်ခု ဖြစ်သည်။

.

Journal Download

Photo of three cats