မြန်မာ့သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းတို့ကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ် အရေးယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ့သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းတို့ကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ် အရေးယူ


မြန်မာအာဏာသိမ်းအစိုးရအတွက် အကျိုးအမြတ် ဖြစ်စေသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၂ ခုဖြစ်သော မြန်မာ့ သစ်လုပ်ငန်းနှင့် မြန်မာ့ပုလဲလုပ်ငန်းတို့ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ဧပြီလ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.


.

မြန်မာစစ်အစိုးရသည် လူထု၏ ဆန္ဒများကို မျက်ကွယ်ပြုပြီး လူထုကို အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုပြုလုပ်လာ ခဲ့ရာ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ ကလေးသူငယ်များအပါအဝင် လူပေါင်း ၆၅၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၃၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်အာဏာရှင်အစိုးရအတွက် အကျိုးအမြတ်ဖြစ်စေသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၂ ခုဖြစ်သော မြန်မာ့သစ်လုပ်ငန်း (MTE) နှင့် မြန်မာ့ပုလဲလုပ်ငန်း (MPE) တို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“စစ်အာရှင်အတွက်အကျိုးအမြတ်ဖြစ်စေတဲ့ နိုင်ငံတော်ပိုင်လုပ်ငန်းနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်း အရေးယူလိုက်ခြင်းအားဖြင့် မြန်မာစစ်အာဏာရှင်တွေရဲ့ စီးပွားရေးအရင်းအမြစ်တွေကို ကန့်သတ်ထိန်းချုပ်ဖို့ ဒီနေ့ ထပ်မံအရေးယူဆောင်ရွက်လိုက်ပါတယ်။ အဓွန့်ရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်း အားထုတ်နေတဲ့ မြန်မာပြည်သူတွေကို ကျွန်‌တော်တို့အားပေးထောက်ခံပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောဆိုခဲ့သည်။

.

အမေရိကန် အနေဖြင့် မြန်မာလူထု၏ အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး အကြမ်းဖက်မှု များကို ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည် ရောက်ရှိစေရန် စစ်အစိုးရကို တိုက်တွန်းကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီလ ၂၁ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ပြည်သူ ၇၃၉ ဦး ကျဆုံးခဲ့ရပြီး ၃၃၃၁ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရကာ ၁၀၅၉ ဦးမှာ ဝရမ်းထုတ်ခံထားရပြီး ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။

.

Photo – VOA

.


Journal Download

Photo of three cats