စားနပ်ရိက္ခာနှင့် လောင်စာဆီဈေး မြင့်တက်လာမှုက မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး လူထုများကို အန္တရာယ် ပြုစေ နိုင်ကြောင်း WFP သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စားနပ်ရိက္ခာနှင့် လောင်စာဆီဈေး မြင့်တက်လာမှုက မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး လူထုများကို အန္တရာယ် ပြုစေ နိုင်ကြောင်း WFP သတိပေး

.

စားနပ်ရိက္ခာနှင့် လောင်စာဆီဈေးများ မြင့်တက်လာမှုက မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် အထိခိုက်လွယ်ဆုံး လူထုကို အန္တရာယ် ပြုစေနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး (WFP) က ယနေ့ မတ်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ သည်ဟု သိရသည်။

.


.

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးမငြိမ်သက်မှု အခြေအနေသည် ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက်အပေါ် အကျိုး သက်ရောက်လာသည်နှင့်အမျှ စားနပ်ရိက္ခာနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်လာလျက်ရှိကြောင်း WFP က ဆိုသည်။

.

WFP ၏ စားနပ်ရိက္ခာဈေးနှုန်း စောင့်ကြည့်လေ့လာချက်များအရ အချို့သော မြို့ပြဒေသများတွင် စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်တက်နေလျက်ရှိကြောင်း၊ ရန်ကုန်မြို့၏ မြို့ပြဆင်ခြေဖုံးဒေသများတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ စားအုန်းဆီ လက်လီဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ရန်ကုန်နှင့် မန္တလေး မြို့ပြဆင်ခြေဖုံးဒေသများရှိ ဆန်ဈေးနှုန်းများသည် ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှစတင်ကာ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။

.

နိုင်ငံအဝှမ်း လေ့လာလျက်ရှိသည့် ဈေးကွက်များ၌ ဆန်ဈေးနှုန်းများသည် ဇန်နဝါရီလလယ်မှ ဖေဖော်ဝါရီလလယ် အတွင်း ပျမ်းမျှ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ဗန်းမော်နှင့် ပူတာအိုအပါအဝင် ကချင်ပြည်နယ်၏ မြို့နယ်အချို့တွင် ဆန်ဈေးနှုန်းမြင့်တက်မှုမှာ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိရှိကြောင်း WFP က ဆိုသည်။

.

“ဒီရှေ့ပြေးလက္ခဏာတွေဟာ အထူးသဖြင့် တစ်နေ့စာတစ်နေ့ ရှာဖွေစားသောက်နေကြရတဲ့ အထိခိုက်လွယ်ဆုံး သူတွေအတွက် တကယ့်ကို စိတ်ပူစရာဖြစ်ပါတယ်။ ရှိနေပြီးသား COVID-19 ရဲ့ ရိုက်ခတ်မှုတွေပေါ်မှာမှ အခုလို ကုန်ဈေးနှုန်းတွေ ဆက်ပြီးမြင့်တက်နေဦးမယ်ဆိုရင် အနွမ်းပါးဆုံးနဲ့ ထိခိုက်အလွယ်ဆုံး ရပ်ရွာလူထုတွေအနေနဲ့ မိသားစုထမင်းဝိုင်းမှာ ဝဝလင်လင် စားသောက်နိုင်ဖို့ အတော့်ကိုရုန်းကန်ကြရမယ့်အခြေအနေပါ” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က ပြောသည်။

.

စားသုံးဆီဈေးနှုန်း သိသိသာသာမြင့်တက်လာမှုကို ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တွေ့ရှိခဲ့ရာ ဇန်နဝါရီမှ ဖေဖော်ဝါရီ လအတွင်း ပျမ်းမျှ စားသုံးဆီဈေးနှုန်းသည် ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး မောင်တောမြို့နယ်တွင် ပဲမျိုးစုံ ဈေးနှုန်း သည်လည်း ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စားသုံးဆီဈေးနှုန်း မြင့်တက်မှုများကို ရခိုင်ပြည်နယ် အလယ်ပိုင်း တွင် ၁၁ ရာခိုင်နှုန်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၁၄ ရာခိုင်နှုန်းအထိ တွေ့ရှိခဲ့ရသည်ဟု သိရသည်။

.

လောင်စာဆီဈေးနှုန်းများတွင် နိုင်ငံအဝှမ်း ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၁၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်းနှင့် ယင်းကဲ့သို့ လောင်စာဆီဈေးနှုန်းများမြင့်တက်မှုသည် စားနပ်ရိက္ခာဈေးနှုန်းများ ထပ်မံမြင့်တက်လာအောင် တွန်းပို့နိုင်မည့် အခြေအနေတွင် ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာချိန်တွင် ဘဏ်လုပ်ငန်းကဏ္ဍ လည်ပတ်မှု ဆိုင်းငံ့သွားခြင်း၊ ငွေလွှဲပေးပို့မှု နည်းပါးသွားခြင်းနှင့် ငွေသားလက်ဝယ်ရရှိနိုင်မှု အကန့်အသတ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခြင်း စသည်တို့က အခြေအနေအရပ်ရပ်ကို ပိုမိုခက်ခဲသွားစေကြောင်း WFP က ဆိုသည်။

.

မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမှ မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားကို လေးစားလက်ခံ လိုက်နာကြရန် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်းခဲ့သည့်အတိုင်း WFP အနေဖြင့် ထပ်လောင်း တိုက်တွန်းပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ညှိနှိုင်းဆွေးနွေးမှုများကို ဘေးဖယ်ထားလိုက်သည့် အချိန်တွင် ငတ်မွတ်ခေါင်းပါးမှု အခြေအနေများ ဖြစ်ပေါ်လာသည်ကို နိုင်ငံတကာအတွေ့အကြုံအရ ကောင်းစွာ သိရှိနားလည် ထားပါကြောင်း Mr Stephen Anderson ကပြောသည်။

.

WFP ၏ ကုန်ဈေးနှုန်း အချက်အလက်များကို မြို့နယ်ပေါင်း ၇၀ ကျော်ရှိ ဈေးပေါင်း ၁၀၀ ကျော်နှင့် မတူညီသော  ကုန်သည်များ၏ ဈေးဆိုင်ပေါင်း ၂၅၀ မှ ကောက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats