.
ပြည်ထောင်စုကြီး၏ သေရေးရှင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို
အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအပါအဝင် အချက် ၄ ချက်ကို ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးအနေဖြင့်
ဒေသ၊ ပါတီ၊ အဖွဲ့အစည်း၊ ကဏ္ဍအသီးသီးမှနေ၍ ပူးပေါင်းဆောင်ရွက်ပေးရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
(PNLO)
က ယမန်နေ့ မတ်လ ၂၀ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်ဟု သိရသည်။
.
.
၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် ၇၂ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့်
ပတ်သက်၍ PNLO က သဘောထား ထုတ်ပြန်ကြေညာရာတွင် ယင်းအချက် ၄ ချက်ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
.
ပြည်ထောင်စုဖွား တိုင်းရင်းသားလူငယ်များ တစ်ဦး ချင်းစီ၏ အနာဂတ်အတွက်လည်းကောင်း၊
ပြည်ထောင်စုသား တစ်ဦးချင်းစီ၏ အနာဂတ်အတွက် လည်းကောင်း၊ ပြည်ထောင်စုကြီး တစ်ခုလုံး၏
အနာဂတ်အတွက်လည်းကောင်း၊ ပြည်ထောင်စုကြီး တည်ငြိမ် အေးချမ်းရေးနှင့်
အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်
နိုင်ရေးအတွက် လည်းကောင်း၊ ပအိုဝ်းအမျိုးသား ထုတစ်ရပ်လုံးအနေဖြင့်
မိမိတို့ရောက်ရှိရာ ဒေသ၊ ပါတီ၊ အဖွဲ့အစည်း၊ နယ်ပယ်၊ ကဏ္ဍ၊ ပတ်ဝန်းကျင်အသီးသီးမှနေ၍
လက်နက်မဲ့ပြည်သူလူထုအား အကြမ်းဖက်၊ ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်၊ နှိမ်နှင်းမှုများ ချက်ချင်း
ရပ်တန့်ရေး၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး၊
ပြည်ထောင်စုကြီးအနာဂတ်အတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်
ဖြေရှင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ကြရန် PNLO က ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
.
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)အဖွဲ့ သည် NCA လက်မှတ်ရေးထိုးထားသော
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ဖြစ်ပြီး လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမှုများကို
ရပ်ဆိုင်းထားမည်ဟု သဘောထား ထုတ်ပြန်ထားကာ အာဏာသိမ်းစစ်ကောင်စီ ဖိတ်ကြားသည့် တပ်မတော်နေ့
အခမ်းအနားသို့လည်း တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
.