နွေဦးတော်လှန်ရေး ခေါင်းဆောင် Gen Z များကို ဦးညွှတ် ဂုဏ်ပြုစို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နွေဦးတော်လှန်ရေး ခေါင်းဆောင် Gen Z များကို ဦးညွှတ် ဂုဏ်ပြုစို့

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲ၊ ဆင်းရဲတဲ့ နိုင်ငံ တစ်ခုပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခုမှာ ရှိတဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေ ရှိတာတွေကလည်း ဖြစ်ရိုး ဖြစ်စဉ်လိုပါပဲ။ ဘွဲ့ တစ်ခု ရှိနေရုံနဲ့ အလုပ် မယ်မယ်ရရ မရှိနိုင်တဲ့ နိုင်ငံမှာ လူငယ်ဖွံ့ဖြိုးရေးကဏ္ဍ နောက်ကျ ကျန်ရစ်ခဲ့ကတာလည်း မထူးဆန်းလှပါဘူး။

.

လွတ်လပ်ရေး ရပြီးနောက်ပိုင်း စစ်အာဏာရှင်များဟာ တိုင်းပြည်ကို ချနင်းပြီး ကိုယ့်အကျိုး၊ ကိုယ့်မိသားစု အကျိုး တစ်ခုတည်းအတွက်နဲ့ ဘာ မဟုတ်တဲ့ ဟန်ပြ အကြောင်းပြချက်ဖြင့် နိုင်ငံ့အာဏာကို အဓမ္မ ရယူခဲ့တာကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ခဲ့ရတာပါ။ ဒီကိစ္စမှာ အမြင်မတူသူ ရှိနေနိုင်တာကြောင့် မှန်တာ၊ မှားတာကို အငြင်း မပွားလိုသော်လည်း  အရှိတရားကိုတော့ လက်ခံကြရမည်သာ။ တစ်တိုင်းပြည်လုံး မွဲတေနေပြီး လက် တစ်စုပ်စာ အာဏာရှင် တစ်စုသာ ပိုင်ဆိုင်မှု ဘယ်လောက် ရှိသည်ကို မသိလေသည်ထိ ကြွယ်ဝ နေမှုက သက်သေပင်။

.

အာဏာရှင် အဆက်ဆက်၏ သားစဉ်မြေးဆက် အားလုံး တပ်မတော်မှာ ဝင်ရောက် တာဝန် မထမ်းခဲ့ကြသော်လည်း ခေတ်လူငယ်တွေကို စည်းရုံးသိမ်းသွင်း မှိုင်းတိုက်ပြီး လက်ကိုင်တုပ် အသွင်ဖြင့် ပြည်သူနဲ့ ပြည်သူကို ရန်တိုက်၊‌ သွေးခွဲပြီး စနစ်တကျ ဖျက်ဆီးခဲ့ကြပေသည်။ ယင်းတို့၏ လက်ကိုင်တုပ် မဖြစ်ကြသည့် လူငယ်များအတွက်မူ လမ်းဘေး ဈေးရောင်းရန်အတွက် ဘွဲ့ တစ်ခု မဖြစ်မနေ ယူခဲ့ကြရသလိုပင်။

.



ကံကောင်း၍ နိုင်ငံ့ဝန်ထမ်း တစ်နေရာ ရလာသူများ အတွက်ကလည်း မရှိ ငါးကျပ်၊ ရှိ ငါးကျပ်ဖြင့် တက်လမ်း မရှိသော သာမန်ဝန်ထမ်းဘဝနဲ့သာ လိုင်းခန်းအစုတ်တွင် နေထိုင်၍ တိုက်ပေါ်က ခိုင်းသမျှ၊ ပြုသမျှ နုကြရတော့သည်။

.

ခံယူချက်နဲ့ ဝန်ထမ်းလောကသို့ ရောက်ရှိခဲ့သူ ပြည်သူကို ကိုယ်စားပြုသည့် ပြည်သူ့ဝန်ထမ်း မှန်သမျှ အနည်းငယ်သာ ရသော ပင်စင်လစာ မစားကြရသူက အတော်များများပင်။ နှစ်ပေါင်းများစွာ လုပ်ကိုင်ကြရသည့် ဝန်ထမ်းများမှာ ပြန်တမ်းဝင် အရာရှိ ဖြစ်ရန် မလွယ်ကူသော်လည်း မိုးကျရွှေကိုယ်များ အတွက်မူ ပြန်တမ်းဝင် အရာရှိ ဖြစ်ရေးသည် ခက်လှသည် မဟုတ်၊ အလိုအလျောက် ရသည်ဟုပင် ဆိုနိုင်ပေသည်။ လက်နက်ကိုင် တပ်ဖွဲ့ချင်း အတူတူ ရဲတပ်ဖွဲ့တွင် လုပ်သက် ၂၀၊  အသက် ၄၀ ကျော် အရွယ် ရောက်မှသာ ပြန်တမ်းဝင်အရာရှိ အဖြစ် သတ်မှတ်ခံရသော်လည်း တပ်မတော်တွင်မူ ကျောင်းဆင်းစ ဒုဗိုလ်ဘဝ အသက် ၁၉၊ ၂၀ အရွယ်တွင်ပင် ပြန်တမ်းဝင်အရာရှိ အဖြစ် သတ်မှတ်ပေသည်။

.

တပ်မတော် အရာရှိများ နယ်ဘက်ဌာနများ ရောက်၍လည်း စိတ်ပူရန် မလို၊ သာမန် ပြည်သူများ စိတ် မကူးရဲသည့် ဌာနနဲ့ ရာထူးက ယင်းတို့အတွက် အသင့် စောင့်ကြိုနေပေသည်။

.

ယင်းကဲ့သို့သော အခြေအနေတို့ကြောင့်ပင် အာဏာရှင် ဝါဒကို မနှစ်ခြိုက်သည့် မြန်မာလူငယ်များဟာ စနစ်ဆိုးကို ကိုယ်ပိုင်ဘဝတွင် နေကာ ဖုန်းတစ်လုံး၊ အင်တာနက်ဖြင့် အချိန်ကုန်စေပြီး လူကြီး၊ လူလတ်ပိုင်းတို့၏ ပြစ်တင် ဝေဖန်မှုကို ခံကြရရင်း တန်ဖိုးရှိသော အချိန်များကို ခက်ခဲ ပင်ပန်းစွာ ဖြတ်သန်းခဲ့ကြရသည်။

.

လူငယ်ဆိုလျှင် ဂိမ်းဆွဲနေသူ၊ အလုပ် မရှိသူ၊ ခံယူချက် မရှိသူဟူ၍ ထင်မှတ်ထားကြသည်။ ယင်းစွပ်ဆွဲ ပြစ်တင်မှုများမှာ ယခုမူ အမှားကြီး မှားခဲ့လေပြီ။

.



ပြီးခဲ့သည် ဖေဖော်ဝါရီလ ၁ ရက်တွင် ၅ နှစ်ပင် မပြည့်သေးသည့် ဒီမိုကရေစီ အစိုးရကို မဲစာရင်း မှားယွင်းနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖြုတ်ချပြီး အာဏာ လုယူခဲ့သည့် ဖြစ်စဉ်ကြောင့် တိုင်းပြည် တစ်ဝှမ်းရှိ အလွှာပေါင်းစုံက ပြည်သူများဟာ စစ်အာဏာရှင်ကို တွန်းလှန် တိုက်ထုတ်နေကြပေသည်။

.

အဆိုပါ စစ်အာဏာရှင် ဖြုတ်ချရေး ရည်ရွယ်ချက်ဖြင့် လက်နက်မဲ့ ပြည်သူများကို သတ်ဖြတ် အကြမ်းဖက်နေကြသည့် စစ်ဘီလူးများကို လက်နက်မဲ့ တိုက်ထုတ်နေကြသော နွေဦးတော်လှန်ရေးသမားများမှာ အခြားသူများ မဟုတ်၊ Generation Z အမည်တပ် ၂၀၂၁ ၏ ခေတ်လူငယ်များပင် ဖြစ်သည်။ ခေါင်းဆောင် မရှိ၊ ထောက်ပံ့သူ မရှိ၊ မြှောက်သူ မရှိသော်လည်း ခြောက်သူကို မကြောက်သည့်အပြင် သတ်သူကိုလည်း ဂရုမစိုက်အားပဲ ဒီမိုကရေစီ အရေးအတွက် အသက်ကို စွန့်ပြီး တိုက်ပွဲ ဝင်နေကြသည်ကို မြင်တွေ့ရသည်မှာ လေးစားဖွယ်ဟု ပြောက လွန်မည် မထင်။

.

ယနေ့ Gen Z တို့ နွေဦးတော်လှန်ရေး တိုက်ပွဲ ဝင်နေရခြင်းက အထက်က တင်ပြခဲ့သော အကြောင်းကြောင်းများကြောင့်ပင် ဖြစ်သည်။ နှစ်ပေါင်း များစွာ ဖိနှိပ်မှု ဒဏ်ကို ခံစားရပြီး အဓိပ္ပါယ်မဲ့ တန်ဖိုးရှိ လူငယ်ဘဝကို ကုန်လွန်ကျရသည့် မျှော်လင့်ချက် မရှိ၊ ရည်ရွယ်ချက် မရှိနိုင်တဲ့ ဘဝမျိုးကို ထပ် မလိုချင်တော့သောကြောင့်ပင် ဖြစ်သည်။

.

အာဏာသိမ်း စစ်တပ်၏ မှိုင်းမိနေကြသူများ စွပ်စွဲနေကြသလို တစ်ပါတီ အာဏာ ရရေး၊ နိုင်ငံရေးသမား၏ မြှောက်ပေးမှုကြောင့် Gen Z တို့ လမ်းပေါ် ထွက်နေကြခြင်း မဟုတ်ပေ။ Gen A  ဖြစ်သည့် အနာဂတ် မျိုးဆက်များအတွက် နွေဦး တော်လှန်ရေးကို ယုံကြည်ချက် အပြည့်ဖြင့် Gen Z တို့ဘဝနှင့် ရင်း၍ ဆင်နွှဲနေကြခြင်း ဖြစ်သည်။

.

တွဲတိုင်းတွင် စက်ခေါင်း ပါသည်ဟူသော ကိုမင်းကိုနိုင်၏ စကားကဲ့သို့ပင် Gen Z တို့၏ ပုံစံမျိုးစုံဖြင့် ပြုလုပ်နေကြသော သူရဲကောင်းဟန်မှာ မြန်မာမှာ သာမက ကမ္ဘာကပင် အသိအမှတ် ပြုနေကြရပေသည်။ တစ်ချိန်က အဖြစ် မရှိလှဟု ထင်ကြေး ပေးခံရသော လူငယ်များသည် ယခုအခါ တိုင်းပြည်၏ သူရဲကောင်းများ ဖြစ်လို့ နေပေသည်။

.



" ၈၈ က အချိုးတွေ ၂၁ မှာ လာ မချိုးနဲ့ " ဟူသော Gen Z တို့၏ ကြွေးကြော်သံကဲ့သို့ပင် မည်သည့်ခေတ်ကာလကမျှ မရှိဖူး၊ မပေါ်ခဲ့ဖူးသေးသည့် စည်းလုံးမှု၊ ရည်ရွယ်မှုကို မိမိတို့ ပြည်သူများ အားလုံး ဦးညွှတ်သင့်ပေသည်။ လက်ရှိတွင်လည်း နွေဦးတော်လှန်ရေး ခေါင်းဆောင် Gen Z များကို ပြည်သူ အားလုံးက တစ်ညီတညွတ်တည်း ဦးညွှတ်‌ လေးစားသမှု ရှိနေကြသည်ဟုလည်း ယုံကြည်ပါသည်။

.

သို့သော် ဦးညွှတ် လေးစားနေရုံမျှနှင့်တော့ နွေဦးတော်လှန်ရေးကို အမြန် အဆုံးသတ်ရန် ခက်ခဲပေမည်။ Gen Z တို့၏ ဦးဆောင်မှု နောက်ကို လိုက်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ဝန်ထမ်းများသည် လည်းကောင်း၊ လုပ်ငန်းရှင်များသည် လည်းကောင်း၊ ဘာသာပေါင်းစုံ၊ အဖွဲ့အစည်း ပေါင်းစုံတို့မှ ပုဂ္ဂိုလ်များသည် လည်းကောင်း၊ ပြည်သူ အားလုံးသည် လည်းကောင်း ရှိရာ နေရာမှ နေကာ သမိုင်းပေး တာဝန်ကို ယူ၍ စစ်အာဏာရှင်ကို တိုက်ထုတ်ရန် လိုအပ်မည် ဖြစ်ပါကြောင်းနှင့် နွေဦးတော်လှန်ရေး Gen Z တစ်ဦးချင်းစီကို ဦးညွှတ် ဂုဏ်ပြုကြပါစို့ဟု ဆန္ဒပြု လိုက်ရပါသည်။ ။

Journal Download

Photo of three cats