ညောင်ရွှေမြို့၊ ကျောက်တိုင်ကွင်း အတွင်းရှိ ဖူဆယ်ကွင်းအရှေ့ဘက်တွင် CDM ဝန်ထမ်းများအား ထောက်ပံ့နိုင်ရေးအတွက် နွေဦး စျေးရောင်းပွဲတော်ကို ပြုလုပ်နေကြောင်း သိရသည်။
.
အဆိုပါ စျေးရောင်းပွဲတော်မှ ရောင်းချ၍ ရသမျှ အမြတ်ငွေ အားလုံးကို CDM ဝန်ထမ်းများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ရင်းနှီးငွေကိုမူ စေတနာရှိသလောက် လှူဒါန်းခွင့် ရမည် ဖြစ်ကြောင်း သိရသည်။
.
ရောင်းချနေသည့် ပစ္စည်း အမျိုးအမည်များမှာ လက်မှုပစ္စည်းများ၊ သိုးမွေးချည်ဖြင့် ထိုးရက် ပြုလုပ်သော ပစ္စည်းများ၊ ပန်းချီကားများနှင့် ကဗျာများ (ပုံတူပန်းချီ၊ ရုပ်ပြောင်ပန်းချီ၊ ကျောက်တုံးပေါ်တွင် ရေးသော ပန်းချီ၊ ကြိုက်နှစ်သက်ရာ ပုံများအတွက် သုံးကြောင်း ကဗျာရေးပေးခြင်း)၊ အစားအသောက်နှင့် တက်တူး ထိုးပေးခြင်း၊ Unplugged Show ဖြင့် သီဆို ဖျော်ဖြေခြင်းများကိုလည်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
.
ထို့အတူ ညောင်ရွှေမြို့ရှိ CDM ဝန်ထမ်းများအတွက် ယနေ့ မတ်လ ၆ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့ (နွေဦးအလှူ ၁၀၀% အဖွဲ့ )က ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲထုပ်များကို လာရောက် လှူဒါန်းပြီးနောက် တေးဂီတဖျော်ဖြေမှု ပြုလုပ်ကာ CDM အတွက် အလှူခံခဲ့ရာမှ ရရှိသည့် ငွေကျပ် ၃၂၈၆၅၀ အား ညောင်ရွှေမြို့ မြို့မိမြို့ဖများထံ ပြန်လည် လှူဒါန်းခဲ့ကြောင်း သိရသည်။