.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ ဝန်ထမ်းအိမ်ရာဝင်းအတွင်း နေထိုင်သော
ဝန်ထမ်းများအနက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများကို ယနေ့ မတ်လ ၁၅ ရက်အပြီး
နေအိမ်လိုင်းခန်းများမှ ဖယ်ရှားရန် ဖိအားပေးလာသဖြင့် ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ ပြောင်းရွှေ့ရန်အတွက် ယမန်နေ့ မတ်လ ၁၄ ရက်တွင် ဝန်ထမ်းများအား
အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ယနေ့ မတ်လ ၁၅ ရက် အပြီး ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း
သိရသည်။
.
“၁၅ ရက်နေ့ အလုပ်ဆင်းပါ။ မဆင်းရင် အဆောင်ကနေ ဖယ်ရှားဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ဆိုပြီး မနေ့က စာလာကပ်တယ်။ နှင်တာနဲ့ အတူတူပါပဲ။ အဲဒါကြောင့် အကုန်လုံး
ပြောင်းကြတာပါ။ မနေ့က ရဲကား/စစ်ကား ၅ စီးနဲ့ လိုင်းခန်းထဲမှာ လိုက်ပြီး ကြေညာတယ်။ အောက်ခြေဝန်ထမ်းအများစုကတော့
ပိုဒုက္ခရောက် တာပေါ့။ သူတို့က ဒီမှာ နေတာလည်း ကြာပြီ။ မိသားစုကလည်းများတယ်။ အိမ်ထောင်ပစ္စည်းကလည်း
များတယ်ဆိုတော့ အပြောင်းအရွှေ့မှာ အခက်အခဲရှိကြမှာပေါ့။ တချို့က ဘာပဲဖြစ်ဖြစ်
Strong CDM နဲ့ ပြောင်းသွား ကြတာပေါ့” ဟု လိုင်းခန်း ဖယ်ရှားခံရသူ ဝန်ထမ်းတစ်ဦးက ပြောသည်။
.
အလားတူ ယမန်နေ့ မတ်လ ၁၄ ရက်ကလည်း တောင်ကြီးမြို့၊ အမျိုးသမီးနှင့်
ကလေးဆေးရုံ ဝန်ထမ်းအိမ်ရာဝင်းနှင့် အဆုတ်ဆေးရုံ ဝန်ထမ်းအိမ်ရာဝင်းအတွင်း နေထိုင်သည့်
CDM ဝန်ထမ်းများအား အတင်းအကြပ် ဖိအားပေး ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က စစ်အာဏာ သိမ်းယူပြီးနောက် စစ်အာဏာရှင်၏
လက်အောက်တွင် တာဝန် ထမ်းဆောင်လိုခြင်းမရှိသဖြင့် နိုင်ငံဝန်ထမ်းများက အကြမ်းမဖက် အမိန့်အာဏာဖီဆန်ခြင်း
CDM လှုပ်ရှားမှုတွင် ပါဝင်လာနေကြခြင်းဖြစ်ပြီး CDM ဝန်ထမ်းအချို့ကို အာဏာပိုင်များက
တာဝန်မှ ယာယီရပ်ဆိုင်းခြင်း၊ ဝန်ထမ်းနေအိမ် လိုင်းခန်းများတွင် နေထိုင်သူများအား အတင်းအကြပ်
ဖိအားပေးခြင်းများ ဆောင်ရွက်နေလျက်ရှိသည်။
.