.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အမျိုးသမီးနှင့် ကလေးဆေးရုံအနီးရှိ
ပြည်နယ်ကျန်းမာရေးဝန်ထမ်းအိမ်ရာအတွင်း နေထိုင်သော ဝန်ထမ်းများအနက် CDM လှုပ်ရှားမှုတွင်
ပါဝင်သည့် ဝန်ထမ်းများကို ယနေ့ မတ်လ ၁၄ ရက်အပြီး နေအိမ်လိုင်းခန်းများမှ ဖယ်ရှားရန်
ဖိအားပေးလာသဖြင့် ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။
.
“ဖယ်ခိုင်းတာပါ။ မနက်ဖြန် ရုံးတက်မယ့်သူဆိုရင် နေ၊ မတက်မယ့်သူဆိုရင်
ဖယ် လို့ ပြောပါတယ်။ ဒီနေ့ အပြီး ရွှေ့ပေး ရတာပါ။ ရွှေ့ရတဲ့သူ တော်တော်များပါတယ်။ ရုတ်တရက်ဆိုတော့
နိုင်သလောက်ပဲ သယ်ရတာပေါ့။ ကူညီထောက်ပံ့ ပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း တတ်နိုင်သလောက်
ကူညီပေးရင်တော့ ကောင်းတာပေါ့” ဟု နေအိမ်လိုင်းခန်း ပြောင်းရွှေ့ခံရသူ ဝန်ထမ်းတစ်ဦးက
ပြောသည်။
.
အဆိုပါ အမျိုးသမီးနှင့် ကလေးဆေးရုံဝင်းမှ ဝန်ထမ်းများအပြင်
မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အဆုတ်ဆေးရုံဝင်း အတွင်းမှ CDM ဝန်ထမ်းများလည်း
နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံရပြီး အမြန်ဆုံး ပြောင်းရွှေ့နိုင်ရေးအတွက် တောင်ကြီးမြို့မှ
ပရဟိတကားများဖြင့် သွားရောက်ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံတွင် CDM
ပြုလုပ်သူဝန်ထမ်း ၁၈၀ ခန့် ရှိကြောင်း သိရသည်။
.