.
စစ်အာဏာသိမ်းပြီးနောက် ယမန်နေ့ မတ်လ ၁၃ ရက်အထိ မြန်မာတစ်နိုင်ငံလုံးတွင်
ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၂၁၃၄ ဦးနှင့် ကျဆုံး
အသက်ပေးလှူခဲ့ရသူ အနည်းဆုံး ၇၉ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများ
ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ယမန်နေ့ မတ်လ ၁၃ ရက်၊ ညပိုင်း ထုတ်ပြန်ချက်အရ
သိရသည်။
.
အဆိုပါ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများအနက်
ထောင်ဒဏ်ချမှတ်ခံထားရသူ ၃ ဦး၊ အမှုဖွင့်ခြင်း ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသောကြောင့်
တိမ်းရှောင်နေသူ ၇၃ ဦးနှင့် ပြန်လည်လွတ်မြောက်လာသူ ၃၁၉ ဦး ရှိပြီး ၁၈၁၅ ဦးမှာ လက်ရှိအချိန်ထိ
ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရဆဲဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အာဏာသိမ်းစစ်အုပ်စု၏
အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ရန် တစ်ညီ တစ်ညွတ်တည်း
ရှုတ်ချခဲ့ပြီးသည့်နောက်တွင် မြန်မာနိုင်ငံအတွင်း နေ့ရောညပါ
အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုများမှာ
နေ့စဉ်မြင့်တက်လျက်ရှိသည်ကိုတွေ့ရှိရ၍ အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတကာ မှ
ထုတ်ပြန်ချက်များအပေါ်တွင် လေးစား လိုက်နာခြင်းမရှိသည်ကို တွေ့ရှိရကြောင်း AAPP
၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့ပြင် အာဏာသိမ်း စစ်အုပ်စု၏ လက်အောက်ခံ ရဲ နှင့်
စစ်တပ်သည် ကလေးများပါမချန် မတရား ရိုက်နှက် ဖမ်းဆီး မှုများ ပြုလုပ်လျက်ရှိကြောင်း၊
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ၏ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC)
အတည်ပြု လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံဖြစ်သည့်အလျောက် ကလေးသူငယ်များအပေါ်
ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များအား အပြင်းအထန် ရှုတ်ချပါကြောင်း AAPP က ဆိုသည်။
.
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)
စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်
ချမှတ်ခြင်းခံထားရ သူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.