“သူ့မှာတမ်း”
.
v
သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်
တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊
မေးကြမြူသည်
အူအူယမ်းငွေ့
ထတုန်းတည်း။
v
“အမောင်ပြောက်ကျား၊ ချစ်သူ အားကို
ဘာများ
မှာခဲ့လိုသနည်း။”
v
“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း
ပြောပါလေ။”
v
“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ
မှာခဲ့လိုသနည်း။”
v
“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း
ပြောပါလေ။”
v
“အမောင်ပြောက်ကျား၊ တိုင်ပြည်အားကို
ဘာများ
မှာခဲ့လိုသနည်း။”
v
“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊
ခွဲရပါ၍
အားနာခဲ့ကြောင်း
ပြောပါလေ။”
v
ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊
အနောက်ကုန်းတွင်
နေလုံး
ကွယ်လေပြီတကား။ ။
.
□ မင်းသုဝဏ်
.
.
ဆရာကြီး မင်းသုဝဏ်၏ ကဗျာလက်ရာမွန်များစွာအနက် ကဗျာတစ်ပုဒ်ဖြစ်သော
သူ့မှာတမ်း ကဗျာသည် တိုင်း ပြည်အတွက် အသက်ခန္ဓာ စွန့်လှူသွားခဲ့သည့် အညတရ သူရဲကောင်းအာဇာနည်လေးတစ်ဦး၏
အကြောင်းကို သရုပ် ဖော် တင်ပြထားခြင်းဖြစ်သည်။
.
လူသားတိုင်းတွင် မွေးဖွားရာနှင့် သေဆုံးရာ အချိန်အကြား ရှင်သန်ခြင်း
ကာလကို အမျိုးမျိုး ဖြတ်သန်းကြရ သည်။ မွေးဖွားချိန် အခြေအနေ အကြောင်းတရားမှာ ပြုပြင်ဖန်တီး၍
မရနိုင်သော အကြောင်းတရား ဖြစ်သော်လည်း သေဆုံးချိန်ကာလကိုမူ မိမိကိုယ်တိုင် မသိရှိနိုင်
ဟုဆိုသော်ငြားလည်း သေဆုံးချိန်တွင် အကောင်းဆုံးဖြစ်အောင် ပြုမူ နေထိုင်သွားနိုင်ပါက
ထိုလူသား၏ နေဝင်ချိန်သည် လှပနေမည်သာဖြစ်သည်။ ရှင်သန်နေချိန်တွင် လိပ်ပြာသန့်စွာ အသက်မွေး
နေထိုင်ခဲ့သူတို့အဖို့ သေဆုံးချိန်တွင်လည်း နာမည်ကောင်းကျန်ရစ်သလို သေဆုံးပြီး နောင်နှစ်များစွာတိုင်
သမိုင်းကြောင်းကောင်းစွာ ကျန်ရှိခဲ့မည်ဖြစ်သည်။
.
သမိုင်းကြောင်း ကောင်းခဲ့သူများအနက်မှ အညတရ သူရဲ ကောင်းတစ်ဦး၏ ဘဝနေဝင်ချိန်ကို
ဆရာကြီး မင်းသုဝဏ်က “သူ့မှာတမ်း” ကဗျာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုရေးဖွဲ့ထားခြင်း ဖြစ်သည်။
.
မြန်မာ့သမိုင်းတစ်လျှောက် နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှသည်
ခေတ်အဆက်ဆက် အာဏာရှင် တော်လှန်ရေးများတိုင်အောင် အာဇာနည်တွေ၊ အညတရသူရဲကောင်းတွေ များစွာ
အသက်ပေးခဲ့ရသည်။ သမိုင်း မှတ်တမ်း တင်ခဲ့သည်များ ရှိသလို လူမသိ၊ သူမသိ ကျဆုံးခဲ့ရသူများလည်း
ဒုနှင့်ဒေးပင်။
.
ဆရာကြီးသည် သူ့မှာတမ်း ကဗျာတွင် ဖက်ဆစ်တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသည့်
ရဲဘော်တစ်ဦး၏ အကြောင်းကို ဖွင့်ဆိုရေးထားခြင်းဖြစ်ကာ ရိုးရှင်းလွန်းလှသော ယင်းကဗျာတွင်
ဖက်ဆစ်တို့ မြှုပ် ချန်ထားရစ်သည့် ဗုံးကို နင်းမိပြီး ကျဆုံးတော့မည့်ဆဲဆဲ တော်လှန်ရေးရဲဘော်တစ်ဦး၏
ဆန္ဒကို ရွာသူရွာသားများက မေးမြန်းနေပုံဖြင့် ကဗျာကို ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။
.
“အမောင်ပြောက်ကျား၊ ချစ်သူအားကို ဘာများ မှာခဲ့လိုသနည်း။”“ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို ခွင့်လွှတ်
ခဲ့ကြောင်း ပြောပါလေ။”
.
ရွာသူရွာသားများက ပြောက်ကျားစစ်သည်အား ၎င်း၏ချစ်သူကို ဘာများမှာလိုသနည်း
ဟု မေးမြန်းရာတွင် စစ် သည်လေးက ခွင့်လွှင့်ကြောင်းသာ စကားပါးခဲ့ပါသည်။
.
“အမောင်ပြောက်ကျား၊ မိဘအားကို ဘာများ မှာခဲ့လိုသနည်း။” “မွေးသည့်မိခင်၊
မွေးဖခင်ကို ဦးတင်ခဲ့ကြောင်း ပြောပါလေ။”
.
မိဘအား ဘာများမှာကြားလိုသနည်းဟု မေးမြန်းရာတွင် စစ်သည်လေးက ရှိခိုးဦးတင်ခဲ့ကြောင်းသာ
မှာ ကြားခဲ့ပါသည်။
.
“အမောင်ပြောက်ကျား၊ တိုင်ပြည်အားကို ဘာများ မှာခဲ့လိုသနည်း။” “ခရီးမတ်တတ်၊
လမ်းခုလတ်တွင် ကိုယ် လွတ်ရှောင်ခွာ၊ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ။”
.
ကျဆုံးတော့မည့် ပြောက်ကျားစစ်သည်လေးအား တိုင်းပြည်အတွက် ဘာများမှာကြားလိုသနည်းဟု
ရွာသူရွာ သားများက မေးမြန်းကြသည်။
.
ဤနေရာသည် ကဗျာ၏ အထွဋ်အထိပ် နေရာဖြစ်သလို ပြောက်ကျားစစ်သည်လေး၏ အဖြေကား
ဝမ်းနည်း ဖွယ်၊ ဂုဏ်ယူဖွယ်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖွယ် ရသမျိုးစုံတို့ကို
တစ်ပြိုင်တည်း ပေးစွမ်းနိုင်ခဲ့သည်။
.
တော်လှန်ရေးခရီး လမ်းခုလပ်တွင် ကျဆုံးခဲ့ရသည့်အတွက် ၎င်းအနေဖြင့်
ကိုယ်လွတ်ရုန်းသကဲ့သို့ ဖြစ်ခဲ့ရ သဖြင့် တိုင်းပြည်ကို အားနာကြောင်း ပြောက်ကျားစစ်သည်လေးက
ပြောဆိုခဲ့ပါသည်။ ကျဆုံးပင် ကျဆုံးခဲ့သော်ငြား လည်း တော်လှန်ရေးခရီး မပြီးဆုံးသေးသည့်အတွက်
၎င်းအနေဖြင့် တိုင်းပြည်အပေါ် တာဝန် မကျေပွန်မည်ကို စိုးရိမ် အားနာမိကြောင်း ပြောက်ကျားစစ်သည်လေးက
ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ဆရာကြီးမင်းသုဝဏ်၏ ကဗျာထဲက ပြောက်ကျားစစ်သည်လေး ကဲ့သို့ပင် မြန်မာပြည်တွင်
နယ်ချဲ့တော်လှန် ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ စစ်အာဏာရှင်တော်လှန်ရေး သမိုင်းတစ်လျှောက်
အသက်ပေးလှူ ကျဆုံးခဲ့ရသည့် အညတရ အာဇာနည်သူရဲကောင်းများစွာ ရှိခဲ့ပါသည်။ သူတို့တွေလည်း
ဆရာကြီး၏ ကဗျာပါ ပြောက်ကျားစစ်သည်လေးကဲ့သို့ပင် မှာကြားခွင့်ရခဲ့ပါက ဘာများ မှာတမ်းချွေလိုကြပါမည်နည်း။
.
၂၀၂၁ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလ ၁ ရက်မှစ၍ စစ်အာဏာသိမ်းမှုနှင့်အတူ
မြန်မာတစ်နိုင်ငံလုံး အမှောင်ခေတ် ကို ပြန်ရောက်ခဲ့ရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်များက
နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
နိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အဓမ္မ ဖမ်းဆီးထိန်းသိမ်းကာ
မတရား ပုဒ်မမျိုးစုံတပ် တရားစွဲဆိုခဲ့သည်။
.
ထိုအခြေအနေကို လက်သင့်မခံနိုင်သော အမှန်တရားကို မြတ်နိုးသည့် လူထုလူတန်းစားအသီးသီးက
လမ်းမ တွေပေါ်ကို ပြန်ရောက်ခဲ့ရသည်။ လက်နက်အားကိုးဖြင့် တိုင်းပြည်အာဏာ ဓါးပြတိုက်
လုယူခဲ့သော စစ်ဘီလူးတို့ကို လူထုက အကြမ်းမဖက်သောနည်းဖြင့် လမ်းမများပေါ်တွင် ငြိမ်းချမ်းစွာ
ဆန္ဒပြခဲ့ကြသည်။
.
ဆင်ဖြူ့မျက်နှာ ဆင်မည်း မကြည့်ဝံ့ ဆိုသကဲ့သို့ အမှန်တရားအတွက် လမ်းမပေါ်
ငြိမ်းချမ်းစွာ ထွက်လာသော လက်နက်မပါ၊ လက်ချည်းဗလာ ပြည်သူလူထုတို့ကို စစ်ဘီလူးတို့က
အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးရုံသာမက တရားမဲ့ ပစ် ခတ်သတ်ဖြတ်မှုများအထိ ဖြစ်လာခဲ့ရသည်။
.
ညှာတာမှုကင်းမဲ့လှသည့် လေပွေသရမ်းကြောင့် အရိုင်းပန်းလေးတွေ ကြွေခဲ့ရသလို
နုနယ်ပျိုမြစ် အပြစ်ကင်း စင်သည့် လူငယ်လူရွယ်များ၊ ဆရာဝန်လောင်းလျာများ၊ အင်ဂျင်နီယာလောင်းလျာများ၊
နောင်တစ်ခေတ်၏ ခေါင်း ဆောင် လောင်းလျာများစွာ တို့သည် စစ်ဘီလူးတို့၏ ကျည်ဆန်အောက်တွင်
တိုင်းပြည်အတွက် အသက်ခန္ဓာ စွန့်လှူခဲ့ကြရ သည်။ မိသားစုတွေ သေကွဲ ကွဲခဲ့ရသည်။ အချို့လည်း
ရှင်ကွဲကွဲခဲ့ရသည်။ အချို့လည်း သေမှန်းမသိ၊ ရှင်မှန်းမသိ အဆက် အသွယ်မရ၊ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိဘဲ
ကွဲကွာခဲ့ရသည်။
.
ယနေ့ မတ်လ ၁၉ ရက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက
အေးချမ်းသာယာ လှသည့် ရှမ်းရိုးမတောင်တန်းပေါ်ရှိ အောင်ပန်းမြို့တွင် သွေးစွန်းအောင်
ရက်စက်စွာ ပြုမူခဲ့ကြသည်။ ယနေ့ အောင်ပန်း မြို့ ပစ်ခတ်မှုများအတွင်း အနည်းဆုံး ၈ ဦး
ကျဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
.
စစ်တမ်းတစ်ခုမှ ပြုစုထားသော စာရင်းအရ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ
၁ ရက် မှ မတ်လ ၁၈ ရက်အတွင်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှု၊ အကြမ်းဖက်လုပ်ရပ်များကြောင့်
ကျဆုံးသူ ၂၀၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ထို့အတူ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
(AAPP) မှ ပြုစုထားသော စာရင်းများတွင်မူ ကျဆုံးသူ ၂၂၄ ဦး ရှိပြီ ဟုဆိုသည်။
.
ယင်း ကျဆုံးသူများတွင် အသက် ၁၈ နှစ်အောက် ကလေး/လူငယ် ၂၃ ဦး၊ ၁၁
ဒသမ ၇ ရာခိုင်နှုန်းအထိ ပါဝင် နေပြီး အသက် ၁၉ နှစ်မှ ၃၀ အကြား လူငယ် ၉၄ ဦး၊ ၄၈ ရာခိုင်နှုန်းအထိ
ပါဝင်နေသည်ကို တွေ့ရသည်။ ထို လူငယ် လေးများသည်လည်း ဆရာကြီး မင်းသုဝဏ်၏ ကဗျာပါ ပြောက်ကျားစစ်သည်လေး
ကဲ့သို့ပင် တိုင်းပြည်အတွက် ဘာများ မှာလိုပါမည်နည်း။
.
ကျဆုံးခဲ့ရသော လူငယ်များ၏ ကြွင်းကျန်ရစ်သော ပစ္စည်းများ၊ ၎င်းတို့၏
လူမှုကွန်ရက်စာမျက်နှာ (Facebook) အကောင့်များတွင် ၎င်းတို့ ကျဆုံးခဲ့သည်ရှိသော် ၎င်းတို့ကို
ထားရစ်ပြီး တော်လှန်ရေးကို အောင်မြင်အောင် ဆောင်ရွက် စေလိုကြောင်း၊ ၎င်းတို့၏ ခန္ဓာကိုယ်မှ
မျက်ကြည် လွှာအပါအဝင် အသုံးပြု၍ရနိုင်သည့် ခန္ဓကိုယ်အစိတ်အပိုင်း အားလုံးကို လှူဒါန်း
ကြောင်းအပါအဝင် သွေးအမျိုးအစား၊ ဆက်သွယ်ရန် စသည်ဖြင့် မှာတမ်းသဘောမျိုး ရေးသားထားခဲ့ကြသည်ကို
ဂုဏ်ယူဝမ်းနည်းဖွယ် တွေ့ရသည်။ သူတို့ ကျဆုံးခဲ့လျှင်တောင်မှ ရသလောက် တိုင်းပြည်အတွက်၊
လူသားများအတွက် အကျိုးပြုလို သည့် စွန့်လွတ် အနစ်နာခံစိတ်ဓါတ်ကို သူ့မှာတမ်းများတွင်
အတိုင်းသား မြင်တွေ့ရမည်ဖြစ်သည်။
.
ယနေ့ နွေဦးတော်လှန်ရေး ကာလ သူရဲကောင်းအာဇာနည်များ၏ သူ့မှာတမ်းများမှာလည်း
တွေ့မိသူအဖို့ ရင် နှင့်အမျှ ခံစားရသည်။ သူတို့လေးတွေသည် တိုင်းပြည်အတွက် အနာဂတ်သားကောင်းများ
ဖြစ်ကြသည်။ စာသင်ခန်းထဲ မှာ ရှိရမည့်အချိန်၊ ဘောလ်ပင်ကိုင်ရမည်အချိန်တွင် ပြည်သူလူထုကြီးရှေ့က
မားမားမတ်မတ် ရပ်တည်ကာ ဆိုင်းဘုတ် ကိုင်ရင်း၊ မည်ကာမတ္တ ဒိုင်းကိုကိုင်ရင်း တိုင်းပြည်အတွက်
အသက်စွန့်နေကြရသည်။
.
မြန်မာပြည်တွင် စွန့်လွတ်အနစ်နာခံခဲ့ကြရသည့် အထင်ကရသူရဲကောင်းများစွာရှိခဲ့သလို
ခေတ် အဆက်ဆက် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသည့် အညတရ သူရဲကောင်းများလည်း များစွာ
အသက်ပေးလှူ ကျဆုံးခဲ့ရပြီး ဖြစ်သည်။
.
အထင်ကရ သူရဲကောင်းဖြစ်စေ၊ အညတရ သူရဲကောင်းဖြစ်စေ တိုင်းပြည်အတွက်
နောက်ထပ် အာဇာနည် များ ကို မျှော်လင့်သော်လည်း မလိုချင်တော့ပါ။ နောက်ထပ် ရင်နင့်ဖွယ်
သူ့မှာတမ်းများကိုလည်း ထပ်မံမြင်တွေ့လိုတော့ပါ။ စစ်အာဏာရှင်စနစ်ဆိုးနှင့် ပြည်တွင်းစစ်မီး
အမြန်ဆုံးချုပ်ငြိမ်းပြီး တိုင်းပြည်အေးချမ်းသာယာကာ မိသားစုတိုင်း စုံညီ ထမင်းဝိုင်းများ
နှင့် အေးချမ်းသာယာသော ဘဝများကိုသာ လိုလားပါကြောင်းနှင့် မဝေးတော့သည့် ကာလတွင် ရောက်ရှိတော့မည့်
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ဆီသို့ မှန်းမျှော် ကြည့်လိုက်ရပါတော့သည်။ ။
.