.
သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာတွင် ယနေ့ မတ်လ ၂၄ ရက်၊ နံနက်ပိုင်းက
RCSS နှင့် SSPP ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ခု ပစ်ခတ်မှုများကြောင့်
လူနေအိမ်များပေါ်သို့ လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
.
“လက်နက်ကြီးကျတာ လူမထိပေမဲ့ ရွာလူတွေ လွတ်ရာပြေးကြတာ။
မြို့ပေါ် ကိုလာနိုင်ဖို့ စောင့်နေပေမဲ့ မလွယ်ဘူး ဖြစ်နေတယ်” ဟု စစ်ရှောင်များအား ကူညီနေသည့်
လူမှုကူညီရေးအသင်းဝင် တစ်ဦးက ပြောသည်။
.
လက်နက်ကြီးကျည်သည် နားမခေါ်ကျေးရွာရှိ စိုင်းလိတ်နှင့်
အာရိယ နေအိမ်များအပေါ်သို့ကျခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံက
သိရသည်။
.
ယမန်နေ့ မတ်လ၂၃ ရက်ကလည်း သီပေါမြို့နယ်၊
ကုန်းဆာကျေးရွာအုပ်စု၊ ဆွန်လုံ၊ ဟတ်လန်၊ ချောင်းဆုံကျေးရွာ များတွင်
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၁၀၀ကျော် သီပေါမြို့ပေါ်ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းသို့
ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
.
ယင်းနေ့တွင်ပင် ကျောက်မဲမြို့နယ် တော့ဆန်မြို့၊
ညောင်မောင်းကျေးရွာဝန်းကျင်၌ SSPP၊ TNLA အဖွဲ့နှင့် RCSS တိုက်ပွဲဖြစ်ပွားမှုကြောင့်
အရပ်သားနေအိမ်ပေါ် လက်နက်ကြီးကျကာ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး ၃ ဦး
ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
.
အလားတူ၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊
နမ့်တွေကျေးရွာအုပ်စု၊ မာမို့ကျေးရွာတွင် မတ်လ ၂၃ ရက် နံနက်ပိုင်းက TNLA နှင့် RCSS တို့အကြား
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုကြောင့် ဘုန်းတော်ကြီးကျောင်း ထိမှန်ပြီး
မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
.