.
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်အတွင်း၌ အာဏာသိမ်း
စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့က ယနေ့ မတ်လ ၂၁ ရက်၊ ညနေ ၃ နာရီခန့်မှစတင်၍
ဒုတိယအကြိမ် အကြမ်းဖက် ပစ်ခတ်မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
.ယနေ့ နေ့လယ်ပိုင်းက ရတနာသီရိရပ်ကွက်တွင် စစ်အာဏာသိမ်းမှုအား
အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ရန် စုဝေးနေသည့် ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များမှ
အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းကာ လူတစ်ဦးအား ဖမ်းဆီးသွားခဲ့ပြီးနောက် ယခု ညနေပိုင်းတွင်
ဒုတိယအကြိမ်အဖြစ် ထပ်မံလာရောက်၍ ရပ်ကွက်အတွင်း ပစ်ခတ်ဖြိုခွင်း နေခြင်းဖြစ်ကြောင်း
သိရသည်။
.
“အခုချိန်အထိ ပတ်ပတ်လည် ဝိုင်းထားတုန်းပါပဲ။ ကျွန်မတို့လည်း
ဘာမှ လှုပ်လို့မရသေးဘူး။ ဖမ်းဆီးခံရတဲ့သူကတော့ မသိသေးပါဘူး။ ထိခိုက်ဒဏ်ရာရ ကတော့ ၃
ယောက် ဆေးရုံပို့လိုက်ရတယ်။ ရော်ဘာကျည်က အသားထဲမှာ နစ်ဝင် သွားတာ နည်းနည်းကြာသွားလို့ပါ”
ဟု ဒေသခံတစ်ဦးက ပြောသည်။
.
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက လူနေရပ်ကွက်များအတွင်း
ရော်ဘာကျည်ဆံများ၊ မျက်ရည်ယိုဗုံး များဖြင့် ပစ်ခတ်ခြင်းအပြင် လမ်းဘေးတွင် ရပ်ထားသော
ကားများ၊ ဆိုင်ကယ်များအား ဖျက်ဆီးခြင်းများကို အကြမ်းဖက် လုပ်ဆောင်လျက်ရှိကာ လက်ရှိတွင်
ပြည်သူ ၃ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။
.