အောင်ပန်းမှ ကျဆုံးသူ ၆ ဦးကို လက်နက်ကိုင်များက ကလောသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမှ ကျဆုံးသူ ၆ ဦးကို လက်နက်ကိုင်များက ကလောသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ ဟုဆို

.

အောင်ပန်းမြို့တွင် ယမန်နေ့ မတ်လ ၁၉ ရက်က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များ ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူ ၆ ဦးကို လက်နက်ကိုင်များက ယနေ့ မတ်လ ၂၀ ရက်၊ နံနက် ၅ နာရီခန့်တွင် ကလောသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

.

.

“သူတို့ကို သီးခြား မီးသင်္ဂြိုဟ်တာလား၊ သင်္ဂြိုဟ်စက်မှာ ရှို့တာလား မသိရဘူး။ အလောင်းရတဲ့ ၂ ယောက်ကတော့ အိမ်တွေမှာရှိတယ်” ဟု အောင်ပန်း ဒေသခံတစ်ဦးက ပြောသည်။

.

အဆိုပါ ကျဆုံးသူ ၆ ဦးကို အောင်ပန်း ကုတင် ၇၀၀ စစ်ဆေးရုံတွင် ရင်ခွဲပြီးနောက် မတ်လ ၁၉ ရက်၊ ညပိုင်းက ကလောသုသာန်သို့ သယ်ဆောင်လာကာ ယနေ့ မတ်လ ၂၀ ရက်၊ နံနက်အစောပိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

“ဘယ်သူတွေလဲ မသိရသလို မိသားစုတွေ သိသလား၊ မသိဘူးလား မပြောနိုင်ဘူး” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောဆိုခဲ့သည်။

.

ထို့အတူ ဦးခေါင်း ကျည်ထိမှန်ကျဆုံးသူ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်မှ ကိုကျော်သူဝင်းနှင့် မြို့ဟောင်း ရပ်ကွက်မှ ကိုဖိုးဇော်တို့ ၂ ဦး၏ ရုပ်အလောင်းများကိုလည်း ယနေ့ နံနက်ပိုင်းတွင်  နေအိမ်မှ မီးသင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းထံက သိရသည်။

.

လက်ရှိ မတ်လ ၂၀ ရက်၊ နံနက် ၉ နာရီ ခန့်တွင် လက်နက်ကိုင်များ ဘူဒိုဇာများ အပါအဝင်ကား ၁၀ စီးခန့်ဖြင့် ရောက်ရှိလာပြီး ရွာသစ်ကွက်သစ်အတွင်းရှိ အတားအဆီးများကို ဖယ်ရှားကာ သေနတ်ဖြင့် ပစ်ခတ်မှုများ၊ နေအိမ်များအတွင်း ဝင်ရောက်မှုများ ရှိနေသည်ဟု သိရသည်။

.

ယမန်နေ့ ပစ်ခတ်မှုမှ ထိခိုက်ဒဏ်ရာရရှိသူများအနက် ဒဏ်ရာပြင်းထန်သူ ၁၇ ဦးကို ကုတင် ၇၀၀ စစ်ဆေးရုံနှင့် ၆ ဦးကို ကလောဆေးရုံတွင် ထားရှိကုသပေးလျက်ရှိကြောင်း သိရသည်။

.

အောင်ပန်းမြို့မှ ပင်းတယမြို့အထွက်၊ လှည်းရိုးဘုန်းကြီးကျောင်းသို့ ယမန်နေ့ ညနေပိုင်းက ရောက်ရှိလာသည့် လက်နက်ကိုင်အဖွဲ့များသည် လက်ရှိအချိန်ထိ ယင်းဘုန်းကြီးကျောင်း၌ပင် တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပစ်ခတ်မှုများကြောင့် အောင်ပန်းမြို့မှ စုစုပေါင်း ၈ ဦး ကျဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

.

Journal Download

Photo of three cats