.
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်တို့အား စစ်ကောင်စီမှ တရားစွဲဆိုထားသော အမှုများနှင့် ပတ်သက်၍ ယနေ့
မတ်လ ၂၄ ရက် ရုံးချိန်းတွင် မိုဘိုင်းအင်တာနက် မရရှိဟု ဆိုကာ ဧပြီလ ၁ ရက်သို့ ထပ်မံပြောင်းရွှေ့ချိန်းဆိုခဲ့သည်ဟု
သိရသည်။
.
.
ပြီးခဲ့သည့် မတ်လ ၁၅ ရက် ရုံးချိန်းတွင်လည်း အင်တာနက် မရသဖြင့်
Video
Conferencing စနစ်ဖြင့် ကြားနာ၍ မရနိုင် ဟုဆိုကာ ယနေ့ မတ်လ ၂၄ ရက်သို့
ရုံးချိန်း ပြောင်းရွှေ့ချိန်းဆိုခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ထပ်မံ၍ ပြောင်းရွှေ့ ချိန်းဆိုခြင်းဖြစ်ကြောင်း
သိရသည်။
.
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပုဒ်မ
၂ ခုဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ
၄ ခုဖြင့်လည်းကောင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆို ထားခြင်းဖြစ်သည်။
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော
ပုဒ်မများမှာ ရာဇသတ် ကြီးပုဒ်မ ၅၀၅ (ခ)၊ လိုင်စင်မရှိသည့်
ပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှု ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ အနီးကပ် လုံခြုံရေး
တပ်ဖွဲ့မှ သုံးစွဲသည့် စကားပြော စက်များမှာ တရားမဝင် တင်သွင်းထားသည်ဟူသော
စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန် ဥပဒေ၊ COVID-19 စည်းကမ်းများနှင့် မညီဘဲ
ရွေးကောက်ပွဲမဲဆွယ်မှုတွင် ပါဝင်မှုအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ
ဥပဒေတို့ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက်လည်း
ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
.
ယမန်နေ့ မတ်လ ၂၃ ရက်က ပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင်
ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်အား လာဘ်ငွေများ
ပေးခဲ့ကြောင်း ဝန်ခံထွက်ဆို ထားသည့် ရုပ်သံဖိုင်တစ်ခုကို မီဒီယာများအား ပြသခဲ့ပြီး
ယင်း ရုပ်သံသည် နည်းပညာဖြင့် အတုအပ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
.